စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ကြောင်း ANC/AA ထုတ်ပြန်

စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ကြောင်း ANC/AA ထုတ်ပြန်

ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို မဟာမိတ် တပ်များနှင့် ပူးတွဲပြီး သိမ်းပိုက် နိုင်ခဲ့ကြောင်း ANC/AA က သတင်း ထုတ်ပြန်သည်။

မြဝတီမြို့နယ် ဖလူးကြီးကျေးရွာ အပြင်ဖက် ကိုက် ၁၅၀၀ အကွာ၌ အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် နယ်ခြားစောင့် (BGF) တပ်များ စခန်း ချထားသည့် ဘုရားကုန်း ယာယီ လက်နက်ကြီး ပစ်ကူစခန်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။

ANC/AAနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် မဟာမိတ် တပ်များမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၂၇) တပ်ခွဲ (၂) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တို့ ဖြစ်သည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၄၃ မိနစ်မှ ၅၁ မိနစ်အထိ လေယာဉ် နှစ်စီးဖြင့်လည်းကောင်း ပစ်ကူပေးသည့်အပြင် မြဝတီ BGF ကလည်း စစ်ကား ၁၂ စီးဖြင့် အင်အားဖြည့်တင်းလာခြင်းကြောင့် ၇ နာရီ မိနစ် ၃၀ ခန့်တွင် တိုက်ပွဲနေရာမှ ဆုတ်ခွာ ခဲ့သည်ဟု ANC က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၂၀ မမ စိန်ပြောင်း တစ်လက်၊ ၆၀ မမ စိန်ပြောင်း တစ်လက်၊ RPG နှစ်လက်၊ စက်လတ် တစ်လက်၊ လက်နက်ငယ် တစ်လက်၊ ဆက်သွယ်ရေးစက် တစ်လုံး အပါအဝင် ကျောပိုးအိတ် အလုံး ၂၀ ခန့်နှင့် အရာရှိ အသုံးပြုသည့် ဖုန်းများ သိမ်းဆည်းရမိသည်ဟု ANC /AA ကသတင်းထုတ်ပြန်ထားသည်။

ထိခိုက် ကျဆုံးသည့် စစ်ကောင်စီ တပ်သားများလည်း အများအပြား ရှိသည်ဟု မျက်မြင် ဒေသခံများ၏ သတင်းပေးပို့ချက်ကို ကိုးကားပြီး ANC /AA က ဆိုထားသည်။

ဖလူးကျေးရွာနှင့် လေးကေ့ကော်မြို့နယ် အနီးတစ်ဝိုက်၌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ကြိုကြား ဖြစ်ပွားခဲ့ပြီး အင်အား တိုးချဲ့လာသော စစ်ကောင်စီ တပ်များကို မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်း၍ ပြောက်ကျား နည်းဗျူဟာဖြင့် တိုက်ခိုက်လျက် ရှိသည်ဟု ANC က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required