သင်္ကန်းကျွန်းမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးဆိုသူ သေနတ်ဖြင့် အပစ်ခံရ

By ရိုဇာ
16 February 2022
သင်္ကန်းကျွန်းမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးဆိုသူ သေနတ်ဖြင့် အပစ်ခံရ

ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ စံပြ (၃) လမ်းထိပ်ရှိ အောင်နန်းသစ် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် စစ်ကောင်စီ သတင်းပေး မိုးမြင့်သန်းကြွယ် ဆိုသူ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“သူလက်ဖက်ရည်ဆိုင် ထိုင်နေတုန်း ဆိုင်ထဲဝင်လာပြီး ခေါင်းကို တေ့ပစ်သွားတာ။ သေသွားတယ်လို့တော့ ကြားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အပစ်ခံရသူသည် ဆန္ဒပြ လူငယ်များ၏ နေအိမ်များအား စစ်တပ်ကို လိုက်လံပြသခြင်းနှင့် ရပ်ကွက်အတွင်း လူငယ်အချို့ကို PDF ဟု တိုင်တန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“သူက အဲ့စံပြ (၃) လမ်း ရာအိမ်မှူးလို့လည်း ပြောကြတယ်။ ရာအိမ်မှူး ဟုတ်မဟုတ်တော့ သေချာတော့ မသိပေမယ့် ဒလန်ဆိုတာကတော့ သေချာတယ်။ ရပ်ကွက်ထဲက လူငယ်လေးတွေကိုလည်း PDF လို့ သူတိုင်လိုက်လို့ စစ်တပ်က လာဖမ်းသေးတယ်။ သူက အရင်က ဆန္ဒပြတဲ့ ကလေးတွေရဲ့ အိမ်တွေကိုလည်း လိုက်ပြတာတွေလည်းရှိတယ်” ဟု ၎င်းနှင့် နီးစပ်သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly