ကလေးမြို့နယ် ရန်ကြီးအောင် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးဟု CDF ဆို

ကလေးမြို့နယ် ရန်ကြီးအောင် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးဟု CDF ဆို

ဖေဖော်ဝါရီလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ ငါးဦးသေဆုံး၍ ဒဏ်ရာရသူများရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF (KKG) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ ညနေ ၆ နာရီ ဝန်းကျင်က လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့် အပြန်အလှန် တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ 

၎င်းတိုက်ပွဲအား CDF-KKG နှင့် CDF-Hakha တပ်ဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရန်ကြီးအောင်ရွာနေ ဒေသခံများကို သုံးရက်အတွင်း ရှောင်တိမ်းရန်နှင့် မလိုက်နာပါက ရွာလုံးကျွတ် မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ညနေ ၆ နာရီခန့်တွင် စစ်ဘေးရှောင်များ ရှိရာသို့ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁ နာရီကလည်း ရန်ကြီးအောင်ကျေးရွာရှိ ၎င်းတပ်စခန်းအား CDF-KKG နှင့် RKDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျေးရွာနေ ဒေသခံများအား စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ရန် ဖိအားပေး စည်းရုံးမှုများရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required