အမျိုးသားညီညွတ်ရေးအစိုးရက ဇိုမီး PDF အား ငွေကျပ်သိန်း ၂၀၀ ကျော် ထောက်ပံ့

By စန်းကျိန်
15 February 2022
အမျိုးသားညီညွတ်ရေးအစိုးရက ဇိုမီး PDF အား ငွေကျပ်သိန်း ၂၀၀ ကျော် ထောက်ပံ့
ဓာတ်ပုံ - Zomi PDF

ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ် တွင် စစ်ရေး လှုပ်ရှားနေသည့် ဇိုမီးပြည်သူ့ကာကွယ်ရေးတပ်( People Defense Force-Zomi (Zomi PDF) အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)က တတိယအကြိမ် ထောက်ပံ့မှုအဖြစ် ငွေ ကျပ် ၂၂၁ သိန်း‌ကျော်အား ပေးအပ်ခဲ့ကြောင်း Zomi PDFက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ထုတ်ပြန်သည်။

“NUG က တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်စွန့် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပုံမှန်ခွဲဝေထောက်ပံ့နေတာပါ။ ခုတစ်ကြိမ်ကတော့ ကျွန်တော်တို့အလှည့်ရောက်တာပေါ့။ ကျွန်တော်တို့က တတိယအကြိမ်ရတာပါ”ဟု Zomi PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက် က ကလေးမြို့၊ ပြင်သာရွာတွင် စစ်ကောင်စီတပ်နှင့် Zomi PDFတို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကာင်စီဘက်မှ တပ်သားတစ်ဦးသေဆုံးခဲ့ကာ Zomi PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည် တပ်ဆုတ်နိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က တခြားအဖွဲ့နဲ့တန်းတူ အတူတူလုပ်ပေမယ့် အများရဲ့ သတိပြုမှု သိပ်မရဘူးပေါ့နော်။ ဆိုတော့ ပြည်သူက တိုက်ရိုက်လှူတာတွေနည်းတော့ အလှူငွေတွေလိုတယ်။ လက်နက်လည်း လိုသေးတယ်ဗျ”ဟု ၎င်းကဆိုသည်။

နိုင်ငံတော်နှင့် ပြည်သူ၏ အထောက်အပံ့ကို တိုင်းပြည်နှင့် ပြည်သူ့အတွက် အကျိုးရှိရှိ အသုံးပြုမည်ဖြစ်ကြောင်းလည်း Zomi PDF တပ်ဖွဲ့က အသိပေးထားသည်။

“တိုက်ပွဲကတော့ ကလေးမြို့ တောင်ပိုင်းရော၊ ချင်းတောင်ပေါ်ရော စစ်ကူအမြဲသွားဖြစ်ပါတယ်။ သိုင်းငင်းတိုက်ပွဲမှာလည်း တောက်လျှောက် စစ်ကူသွားခဲ့ပါတယ်''ဟု အဆိုပါ တာဝန်ခံက ပြောသည်။

NUG က ၂၀၂၁ခုနှစ် အောက်တိုဘာလတွင် ကျပ်သိန်း ၂၀၀၊ ဒီဇင်ဘာလတွင် ကျပ်သိန်း ၁၀၀ နှင့် ယခု တတိယအကြိမ် အဖြစ် ၂၀၂၂ ဇန်နဝါရီလတွင် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required