COVID-19 ရောဂါကူးစက်မှု များလာ၍ မြိတ်ကျွန်းစု ခရီးစဉ်များ ပြန်ရပ်နား

COVID-19 ရောဂါကူးစက်မှု များလာ၍ မြိတ်ကျွန်းစု ခရီးစဉ်များ ပြန်ရပ်နား

ဖေဖော်ဝါရီ ၁၅

တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစု ပင်လယ်ပြင်ကျွန်းခရီးစဉ်များကို ပြန်ရပ်နားထားလိုက်ရကြောင်း မြိတ်အခြေစိုက် ကျွန်းခရီးလုပ်ငန်း လုပ်ကိုင်သူများ အသိုင်း အဝိုင်းထံမှ သိရသည်။

တစ်ကြော့ပြန် ပြန်လည် ဖြစ်ပွားလာသည့် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာ နေခြင်းကြောင့် လေးလခန့် အလုပ်ပြန်စလာရာက ယခုရက်ပိုင်းအတွင်း ခရီးစဉ်များ ရပ်နားလိုက်ရခြင်း ဖြစ်သည်ဟုဆိုသည်။

COVID-19 ရောဂါ ကူးစက်မှုများကြောင့် ပင်လယ်ပြင်ကျွန်းခရီးစဉ်များကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လတွင် စတင်ကာ နှစ်နှစ်နီးပါး ရပ်နား ခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံ ကျွန်းခရီးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောဆိုသည်။

မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက"နလန် မထူနိုင်အောင် ရပ်နားထားရတဲ့ ကျွန်းခရီးစဉ်က အခု ကျွန်တော်တို့ ပြန်စနေတဲ့ အချိန်ပဲ ရှိသေးတယ် ကိုဗစ်-၁၉ (COVID-19)ရောဂါက ပြန်ဖြစ်လာတော့ ဧည့်သည်တွေလည်း လာတာလျှော့သွားတယ် အခု ပြန်နားထားရတယ်"ဟု ပြော သည်။

ထိုကြောင့် လက်ရှိမှာ တနင်္သာရီတိုင်းအတွင်း မြိတ်ခရိုင် သည် COVID-19 ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွားနေပြီး ဒေသတွင်းသို့ ခရီးသွား ဧည့်သည်များလည်း လာရောက်မှု ပြန်လည် နည်းပါးလာခြင်းကြောင့် ကျွန်းခရီးစဉ်တွေကို ပြန်ရပ်နားထားခြင်း ဖြစ်ကြောင်း ဒေသခံခရီးသွား လုပ်ကိုင်သူများထံမှ သိရ သည်။

"အခု ကျွန်းခရီးစဉ်က ပြန်စတာ လေးလနီးပါးလောက်ပဲ ရှိပါသေးတယ်၊ ကိုဗစ်-၁၉ ရောဂါ ပြန်ဖြစ်တော့ အားလုံး ပြန်နားလိုက်ရတယ်"ဟု မြိတ်အခြေစိုက် ကျွန်းခရီးစဉ် ပို့ဆောင်ပေးနေသည့် ဒေသခံ ခရီးသွား ကုမ္ပဏီတစ်ခုက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြိတ်ကျွန်းစု အတွင်း လာရောက် လည်ပတ်သည့် ခရီးသွားများကို အများအားဖြင့် တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေနေ့များတွင် ကျွန်းခရီးစဉ်များ စီစဉ်ပေးထားပြီး ကျန်သည့် ရုံးဖွင့်ရက်များတွင် ခရီးသွား ဝင်ရောက်မှု နည်းပါး နေသည်ကို တွေ့ရသည်။

လေးလခန့် ပြန်လည်ဖွင့်လှစ်ပေးသည့် ခရီးစဉ်တွင်မြိတ်ကျွန်းစု အတွင်း ခရီးစဉ်များ ပြေးဆွဲရာ၌ ခရီးစဉ် အသစ်များ ထည့်သွင်း ပေးထားပြီး ကြယ်လိပ်၊ ဘေလီ၊ စမတ်၊ ပဒန်း၊ တောင်ပံကြီး စသည့် ကျွန်းခရီးစဉ် အသစ်များကို ပို့ဆောင်ပေး နေသည်ဟု သိရသည်။

နေ့ ချင်း ပြန်ခရီးစဉ် အတွက် လူတစ်ဦးလျှင် ကျပ်တစ်သိန်းခွဲ ကျသင့်ပြီး ကျွန်းသုံးကျွန်းလည် ပတ်ခွင့် စီစဉ်ပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly