တောင်ဒဂုံမြို့နယ် ကြံ့ခိုင်ရေးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး ဗုံးပစ်တိုက်ခိုက်ခံရ 

တောင်ဒဂုံမြို့နယ် ကြံ့ခိုင်ရေးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး ဗုံးပစ်တိုက်ခိုက်ခံရ 
ဓာတ်ပုံ - ပုံအဟောင်း

ဖေဖော်ဝါရီလ ၁၄ ရက်

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊၂၅ရပ်ကွက်၊စည်ပင်လမ်းနှင့် သရက်ချောင်းလမ်းထောင့်ရှိ ကြံ့ခိုင်ရေးရုံးအား ဖေဖော်ဝါရီလ ၁၄ရက် နေ့လယ် ၁ နာရီ၁၀မိနစ် အချိန်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း SSUG PDF အဖွဲ့ထံမှ သိရသည်။ 

အလားတူ တောင်ဒဂုံမြို့နယ်၊ ၇၀ရပ်ကွက်၊လှော်ကားလမ်းမပေါ်ရှိ အမှတ် ၇၀ ရပ်ကွက်ရုံးအား ယနေ့ညနေပိုင်း ၅နာရီ၂၀မိနစ်အချိန်တွင် လက်ပစ်ဗုံးဖြင့် ထပ်မံတိုက်ခိုက်ခြင်းပြုလုပ်သည်။ 

"ရပ်ကွက်ရုံးက ထိခိုက်မှုကတော့ တော်တော်ပြင်းမယ်လို့ထင်ပါတယ်၊ ရုံးအတွင်းထဲထိ ၀င်သွားလို့အနည်းဆုံး အုပ်ချုပ်ရေးမှူး‌တွေနဲ့ ရာအိမ်မှူးတွေတော့ အပြင်းအထန် ဒဏ်ရာရနိုင်ပါတယ်ဗျ၊နာမည်ကြီးဒလန်တွေလည်း ညနေတိုင်းစုထိုင်နေကြဖြစ်လို့ ရပ်ကွက်ရုံးကို လုပ်လိုက်တာပါ"ဟု SSUG PDF အဖွဲ့ကပြောသည်။ 
အမှတ်၇၀ ရပ်ကွက်ရုံးရှိ ဒလန်ဟုနာမည်ကြီးသူများက ပြည်သူများအား နိုင်ထက်စီးနင်းပြုလုပ်သောကြောင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုများလည်းရှိနိုင်သည်ဟု သိရသည်။ 

ကြံ့ခိုင်ရေးရုံးအား ဖောက်ခွဲခြင်းမှာ ဆန္ဒပြပွဲများပြုလုပ်သည့်အချိန်တွင် ပြည်သူများအားရုံးထဲခေါ်၍ ဖမ်းဆီးခြင်းများ ၊ ဆိုင်ကယ်စီး၍ ပြည်သူများအား ဖမ်းခြင်းများပြုလုပ်သောကြောင့် သွေးကြွေးပြန်ဆပ်သည့် အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီမှ စစ်ကား ဆယ်စီးခန့်ဖြင့် လာရောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ လုပ်ဆောင်မှုကို SSUG PDF နှင့်အတူ Black Peacock အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required