ဖေဖော်ဝါရီ ၁၄
ဂျပန် အဖျော်ယမကာ လုပ်ငန်းကုမ္ပဏီ ကီရင် ဟိုးလ်ဒင်း (Kirin Holdings) က မြန်မာနိုင်ငံရှိ ယင်း၏ ဖက်စပ်လုပ်ငန်းကနေ ရုပ်သိမ်းထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၁၄ ရက်တွင် ပြောသည်။
ကုမ္ပဏီဘုတ်အဖွဲ့အနေဖြင့် မြန်မာအာဏာသိမ်းစစ်တပ်ပိုင် ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် (MEHL) နှင့် စီးပွားဖက်လုပ်ကိုင်မှုကို “အဆောတလျင် အဆုံးသတ်ရန်” ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း San Miguel ၊ Fat Tire နှင့် Lion အမှတ်တံဆိပ်များကို ပိုင်ဆိုင်သည့် ကီရင်က ပြောသည်။
မြန်မာနိုင်ငံရှိ ဖက်စပ်လုပ်ငန်းကို ကီရင်ဘက်က ဆန္ဒရှိခဲ့သည့် နည်းလမ်းအတိုင်း အလျင်အမြန် အဆုံးသတ်ရန် ခက်ခဲလိမ့်မည်ဟု သုံးသပ်ခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း၏ ကော်ပိုရိတ်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် လူ့အခွင့်အရေး မူဝါဒကို ချိုးဖောက်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မပျော်မရွှင် ဖြစ်ခဲ့ကြောင်း ကုမ္ပဏီက ပြီးခဲ့သည့်တစ်နှစ်အကြာက ကြေညာခဲ့သည်။
သို့သော် ကီရင်အနေဖြင့် မြန်မာနိုင်ငံရှိ ယင်း၏ ဘီယာထုတ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန်နှင့် MEHL ၏ ရှယ်ယာ ရောင်းချစေရေးအတွက် ကြိုးပမ်းထားခဲ့သလို ယင်း၏ ဝန်ထမ်းများ ထောက်ပံ့ရန်နှင့် နိုင်ငံကို ကူညီရန် လိုလားခဲ့ကြောင်း ကီရင်က ပြောသည်။ ယခုအခါ ကီရင်သည် ယင်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချရန် ရည်ရွယ်သော်လည်း MEHL ထံ ရောင်းချမည်မဟုတ်ကြောင်း ကီရင်က ပြောသည်။
အစောပိုင်းက ဘီယာဖက်စပ်လုပ်ငန်း ဖျက်သိမ်းမည့် အစီအစဉ်နှင့်ပတ်သက်ပြီး MEHL နှင့်အကြား အငြင်းပွားမှုတစ်ခု ဖြစ်ခဲ့၍ နိုင်ငံတကာ အနုညာတခုံရုံးတစ်ခုတွင် ဦးတိုက်လျှောက်ထား ဖြေရှင်းရန် ကီရင်ဘက်က ကြိုးပမ်းထားခဲ့သေးသည်။
MEHL သည် ဖက်စပ်လုပ်ငန်း ဖျက်သိမ်းရန် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ရာတွင် ယင်းလုပ်ဆောင်ချက်က ဖက်စပ်လုပ်ငန်း သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် တရားနည်းလမ်းမကျသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ကီရင်က ပြောခဲ့သည်။ ယင်းနောက် မကြာသေးခင်ကပင် တရားရုံးက MEHL ၏ လျှောက်ထားမှုကို ပယ်ချခဲ့သည်။
လက်ရှိကိစ္စနှင့်ပတ်သက်ပြီး MEHL ထံမှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။
ကီရင်နှင့် MEHL တို့အကြား ဖက်စပ်လုပ်ငန်းဖြစ်သည့် မြန်မာဘရူဝါရီ ကို ၁၉၉၅ ခုနှစ်က ထူထောင်ခဲ့ပြီး Myanmar ၊ Kirin Ichiban ၊ Andaman Gold နှင့် Black Shield ဆိုသည့် အမှတ်တံဆိပ်များဖြင့် ဘီယာများကို ထုတ်လုပ်ခဲ့သည်။ ဖက်စပ်လုပ်ငန်း အဆုံးသတ်ပြီးနောက် ဘရူဝါရီအနေဖြင့် Kirin Ichiban ကို ဆက်ထုတ်သွားမည်လား ဆိုသည်က ရှင်းရှင်းလင်းလင်း မရှိသေးပေ။