ပင်လုံသဘောတူညီချက်ကို NUG က အကောင်အထည်ဖော်သွားရမည်ဟု ကချင်ခေါင်းဆောင်ပြော

By သတင်းနှင့် မီဒီယာ ကွန်ရက်။
13 February 2022
ပင်လုံသဘောတူညီချက်ကို NUG က အကောင်အထည်ဖော်သွားရမည်ဟု ကချင်ခေါင်းဆောင်ပြော

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်။

အုပ်ချုပ်သူ အစိုးရ အဆက်ဆက်က ပစ်ပယ်ထားသည့် ပင်လုံစာချုပ်နှင့် စာချုပ်ပါ ကတိကဝတ်များကို တိုင်းရင်းသားများက စွဲကိုင်ထားဆဲဖြစ်သည့်အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ NUG အနေဖြင့် စာချုပ်ကို အကောင်အထည်ဖော်ရန်လိုအပ်သည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် KIA စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် က ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG က အွန်လိုင်းဖြင့် ကျင်းပပြုလုပ်သည့် ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားတွင် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုကော်မတီ၏ ကိုယ်စား ပြောကြားခဲ့သည့် ရှားရှားပါးပါးပြောကြားသော မိန့်ခွန်းထဲတွင် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပင်လုံစာချုပ်ရဲ့ အနှစ် သာရကို သာမက ပြည်ထောင်စုအဖြစ် ပေါင်းစည်းကြရန် ခေါင်းဆောင်များ အကြား အပြန်အလှန် ကတိကဝတ်ပြုခဲ့ကြတဲ့ ပင်လုံကတိကဝတ်များကိုလည်း လက်တွေ့ အကောင်အထည်ဖော်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီကနေ့ အခမ်းအနားက ရည်သန်ထားတဲ့ မူများကို အမှန်တကယ် ဖော်ဆောင်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီလိုဖော်ဆောင်သွား နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေး အစိုးရက ဦးဆောင်ဦးရွက်ပြု တာဝန်ယူရမှာ ဖြစ်သလို တောင်းတန်း ဒေသနဲ့ တိုင်းရင်းသား အင်အားစုများကလည်း ပူးပေါင်း ပါဝင် ဖို့ အရေးကြီးပါတယ်။”

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းပေးခဲ့သည့် ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင် သည့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ကလည်း စစ်အာဏာရှင် အပါအဝင် အာဏာရှင် စနစ် မှန်သမျှ ချုပ်ငြိမ်းရေး၊ ပင်လုံစာချုပ် ပင်လုံ ကတိကဝတ်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိပညာဉ် အခြေခံ မူများအပေါ် အခြေပြုသည့် ညီညွတ်ရေး၊ ကတိကဝတ်များကို အကောင်အထည်ဖော်ရေး၊ လူမျိုးကြီးဝါဒ ချုပ်ငြိမ်းရေး တို့ကို ဖော်ဆောင်မည့်အပြင် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက လိုလားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကို အမှန်တကယ် တည်ဆောက်နိုင်သည်အထိ မဆုတ်မနစ် ကြိုးပမ်းလုပ်ဆောင် သွားမည်ဟု ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့် သဘောထား ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ယနေ့ ကျင်းပပြုလုပ်သည့် ၇၅ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားသည် ယခင် အစိုးရအဆက်ဆက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုနေ့ ကဲ့သို့ မဟုတ်ဘဲ ပင်လုံ စာချုပ် ကတိကဝတ်၊ အနှစ်သာရတို့ကို ထင်ဟပ်မှုရှိသည့် ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်နိုင်သည်ဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ဆိုသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ ကလည်း ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့သည် အနှစ်သာရရှိပြီး စစ်မှန်သည့် ပြည်ထောင်စုနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပသွား နိုင်ရန် ရည်ရွယ်သည်ဟု အခမ်းအနားမိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခင် အစိုးရအဆက်ဆက်က ပင်လုံ စာချုပ်နှင့် ပြည်ထောင်စုနေ့အပေါ် ထားရှိသည့် သဘောထား ခံယူမှုများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က “အစိုးရ အဆက်ဆက်ဟာ ပင်လုံ စာချုပ် ပင်လုံကတိကဝတ်ရဲ့ အနှစ် သာ ရကို ဖုံးကွယ်ထားပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အချုပ်အခြာ တည်တံ့ခိုင်မြဲရေး ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ ဦးတည်ချက်နဲ့ အယောင်အဆောင် ပြည်ထောင်စုနဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ကြတယ်။ ဒါဟာတောင်တန်းနေ တိုင်းရင်းသားများကို ကိုလိုနီကျွန်အဖြစ် သတ်မှတ်ပြုမှု ခြင်းလည်း ဖြစ်ပါ တယ်။” ဟုပြောသည်။

ထို့အတူ ပင်လုံစာချုပ်မှ ဖြစ်တည်လာခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် အမည်နာမအားဖြင့် ပြည် ထောင်စုဟု ဆိုသော်လည်း လက်တွေ့တွင် တိုင်းရင်းသားများ၏ အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နိုင်ငံအဖြစ် သို့ ရောက်ရှိလာခဲ့သည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလကလည်း ပြောသည်။

၎င်းက “ဒီပြည်ထောင်စုရဲ့ ရည်မှန်းထားတဲ့ အနှစ်သာရကတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံတဲ့ ပြည်ထောင်စု ဖြစ်ပါတယ်။ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြ ဌာန်းမှုများကို အာမခံတဲ့ ပြည် ထောင်စုကို တည်ထောင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရ အဆက်ဆက်က ခေါင်းဆောင်တွေက ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ကြလို့ အခုလို တိုင်းရင်းသား လူနည်း စုတွေ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသား တန်းတူရေးကို ဆုံးရှုံးခဲ့ကြသလို စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီ စနစ်ပါ ပျက်သုန်း ခဲ့ရပါ တယ်။ ၁၉၄၇ ခုနှစ်မှာ ချုပ်ဆိုခဲ့ကြတဲ့ ပင်လုံ စာချုပ်အရ ပေါ်ပေါက်လာခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဟာဆိုရင် အမည်အားဖြင့်တော့ ပြည်ထောင်စုဟု ခေါ်ထားပေမယ့် လက်တွေ့ မှာ တစ်ပြည်ထောင်စနစ်ကို အခြေခံ ရေးဆွဲထားတယ်” ဟုပြောသည်။

မြန်မာနိုင်ငံရှိ အုပ်ချုပ်သူ အစိုးရ အဆက်ဆက်က အကောင်အထည် မဖော်ပဲ ပစ်ပယ်ထားသည့် ပင်လုံစာချုပ် ကို ပင်လုံတွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည့် ကချင်၊ ချင်း၊ ရှမ်း စသည့် တော်တန်းဒေသက တိုင်းရင်းသား လူမျိုးများက ပင်လုံ စာချုပ်ပါ သဘောတူညီချက်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန် မျှော်မှန်းကာ ဆက်လက်ကြိုးစားနေသည်ဟု ဆိုသည်။

ထိုပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ တာဝန်ယူ တာဝန်ခံမှုနှင့်အတူ တိုင်းရင်းသား အင်အားစုများကလည်း ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required