ရှောင်တာနဲလ်- အာဏာသိမ်းစစ်ကောင်စီ၏ ဓားစာခံ (မဇ္ဈိမ အယ်ဒီတာ့အာဘော်)

ရှောင်တာနဲလ်- အာဏာသိမ်းစစ်ကောင်စီ၏ ဓားစာခံ (မဇ္ဈိမ အယ်ဒီတာ့အာဘော်)

ဖေဖော်ဝါရီ ၁၃

အကျဉ်းချခံထားရသည့် ဩစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနဲလ်သည် ဤအခြေအနေအတွက် ကြိုတင်စီစဉ်ထားခဲ့သည်မဟုတ်။ တကယ်တန်းမှာတော့ ၎င်းသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည် အကျဉ်းချထိန်းသိမ်းထားလိုသည့် အာဏာသိမ်းစစ်ကောင်စီ၏ ကစားပွဲဝိုင်းထဲက နိုင်ငံရေး နယ်ရုပ်တစ်ရုပ် ဖြစ်ပြီး ပြီးခဲ့သည့်အပတ်ကဆိုလျင် တောင်ပြေးမြောက်ပြေးဆိုသလို အကန်ခံရသည့် ဘောလုံးတစ်လုံးသဖွယ် ဖြစ်ခဲ့ရသည်။

ပါမောက္ခ ရှောင်တာနဲလ်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ အာဏာသိမ်းမှုဖြစ်ပြီး ရက်ပိုင်းအကြာ အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးတစ်ဦးအဖြစ် လုပ်ကိုင်နေခဲ့သူ ဖြစ်သည်။ ယခုနောက်ဆုံးတွင်မူ သူ့ကို အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲထားကြသည်။

ရှောင်တာနဲလ်၏ အတ္ထုပတ္တိက ထင်ရှားပြီးသားဖြစ်၍ အထူးရှင်းပြစရာပင် မလိုပေ။ သူသည် မက်ကွာရီ တက္ကသိုလ်၏ ဂုဏ်ထူးဆောင် စီးပွားရေးပါမောက္ခတစ်ဦး ဖြစ်သလို ဩစတြေးလျဗဟိုဘဏ်၏ အမှုထမ်းဟောင်းတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် မြန်မာ ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျူ၌ သုတေသန ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် သို့မဟုတ် ယင်းထက်ကျော်လွန်သည့်ကာလတစ်ခုကြာအထိ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရန် မမောနိုင်မပန်းနိုင် လုပ်ဆောင်ခဲ့သူဖြစ်သည်။ ထို့ပြင် နိုင်ငံ စီးပွားရေးကို မြှင့်တင်ပေးသည့် ဖွဲ့စည်းတည်ဆောက်ပုံများကို ကူညီတိုးတက်စေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော အစိုးရကို အကျိုးပြုခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့် အပတ်က ဩစတြေးလျ အစိုးရသည် ၎င်းလွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့သည်။ ယင်းနောက် ရှောင်တာနယ်လ် ပြန်လွှတ်သွားပြီ ဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောခဲ့သည်။ ထိုပြောကြားချက်ကို မြန်မာစစ်ကောင်စီက ငြင်းဆန်ပြီး ပြန်မလွတ်သေးဟု တုံ့ပြန်ခဲ့သည်။ ထို့နောက်တွင်မှ ဟွန်ဆန်က ၎င်းအနေဖြင့် “သတင်းအချက်အလက် အမှား”ကို ရခဲ့ခြင်းဖြစ်ကြောင်းနှင့် ရှောင်တာနဲလ် အမှန်တကယ် ပြန်မလွတ်သေးကြောင်း ပြောဆိုရင်း တောင်းပန်ခဲ့ရသည်။

အထက်ပါ ရှုပ်ပွေမှုအားလုံးကို ရှောင်တာနဲလ်တစ်ယောက် သတိမူမိလိမ့်မည်မဟုတ်ဟုပင် ထင်မိသည်။ ၎င်း၏ ဇနီးဖြစ်သူ၏ ပြောကြားချက်အရ ရှောင်တာနဲလ်သည် ထိန်းသိမ်းခံနေရစဉ်အတွင်း ကျန်းမာရေးပြဿနာတချို့ ခံစားနေခဲ့ရသည်ဟု သိရပြီး ပြီးခဲ့သည့်အပတ် အဖြစ်အပျက်က ၎င်းအတွက် စိတ်ပိုင်းဆိုင်ရာအရ ကောင်းကျိုးဖြစ်စေလိမ့်မည်တော့ မဟုတ်ပေ။

အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးနိုင်ရေး စစ်ကောင်စီဘက်က အသုံးပြုရန် မျှော်လင့်ခဲ့သည့် ကစားပွဲတိုက်ကွက်တစ်ခုထဲတွင် ရှောင်တာနဲလ်သည် နယ်ရုပ်တစ်ရုပ် ဖြစ်ခဲ့သည်ဟု အကဲခတ်များက ဆိုကြသည်။ အတိအလင်း ဖော်ပြမထားသည့် ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်မိမှုအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံကို ထိခိုက်နစ်နာစေလျက်ဖြင့် နိုင်ငံခြားသားတစ်ဦးဖြစ်သော ရှောင်တာနဲလ်ထံ အစိုးရသတင်းချက်အလက်များ ဝေမျှပေးအပ်ခဲ့သည် ဆိုပြီး ထုတ်ဖော်စွပ်စွဲပြောဆိုရန် စစ်ကောင်စီဘက်က ကြိုးပမ်းလိမ့်မည်ဟု ယူဆရသည်။

ယင်းကဲ့သို့သော အခြေအနေတစ်ခုက နိုင်ငံတကာ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကို နားလည်သဘောပေါက်သူတိုင်းအတွက် ရယ်ဖွယ်ကောင်းနေလိမ့်မည်ပင် ဖြစ်သည်။ ဒီမိုကရေစီ အစိုးရများအောက်တွင် အစိုးရဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အာဏာပိုင်များနှင့်လက်တွဲလုပ်ဆောင်ရန် ပြင်ပမှအကြံပေးများ ခေါ်ယူထားရှိမှုက ပုံမှန်အခြေအနေသာဖြစ်သည်။ တချို့တလေကသာလျင် ယင်းကဲ့သို့သော လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး တုန်လှုပ်အံ့ဩနေလိမ့်မည် ဖြစ်သည်။

သို့သော် မြန်မာအာဏာသိမ်းစစ်အုပ်စုအောက်တွင် ၎င်းတို့၏ ရန်သူများဟု ရှုမြင်သူအားလုံးအပေါ် စွပ်စွဲသည့် အကွက်ဆင်ထားသော စွဲချက်များသည် အဓိကအချက် ဖြစ်သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီရန် ကြိုးစားလုပ်ကိုင်ထားခဲ့သလို မြန်မာပြည်သူတို့၏ မိတ်ဆွေကောင်းတစ်ဦးလည်း ဖြစ်သော ရှောင်တာနဲလ်အတွက်မှာမူ လက်ရှိအခြေအနေသည် အထူးတလည် ကံမကောင်းလှသည့် အခြေအနေ ဖြစ်နေသည်။

မြန်မာပြည်၏မိတ်ဆွေကြီးသည် အကျဉ်းထောင်ထဲတွင်ရှိနေသင့်သူ မဟုတ်ပါ။ ပြီးခဲ့သည့်အပတ် ရှုပ်ထွေးမှုက ပါမောက္ခ ရှောင်တာနဲလ် အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး ပန်ကြားချက် လုပ်ဆောင်ထားသည် ဆိုသည်ဟုသာ အမှတ်ရစေသင့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required