လှိုင်သာယာမြို့နယ်တွင် ကင်းလှည့်စစ်ကား မိုင်းခွဲ တိုက်ခိုက်ခံရ

လှိုင်သာယာမြို့နယ်တွင် ကင်းလှည့်စစ်ကား မိုင်းခွဲ တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ပုသိမ်လမ်းမကြီး နည်းပညာကျောင်း လမ်းထိပ်ရှိ ရဲတပ်ရင်း (၉) အရှေ့ တွင် ကင်းလှည့်စစ်ကား တစ်စီးကို ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က မိုင်းခွဲ တိုက်ခိုက် ခဲ့ကြောင်း From Zero To Hero တာဝန်ရှိသူ ကျောင်းသားလေးက ပြောသည်။

အဆိုပါ ကင်းလှည့်စစ်ကား မိုင်းခွဲခံရပြီးနောက် နောက်ပြန်ကွေ့ မောင်းပြေးသွားကြောင်း ဆိုသည်။

"ဒီနေ့ တပ်ရင်း (၉) နားမှာ စစ်ကားတစ်စီး လာတာကို တွေ့တာနဲ့ ဗုံးခွဲ တိုက်ခိုက်လိုက်တာပါ။ ဒီကောင်တွေ ကားရဲ့ အစိတ်အပိုင်း တစ်ချို့ကို ထိသွားတယ်။ ချက်ချင်းဘဲ နောက်ပြန်လှည့်ပြီး မောင်းပြေးတာ။ တပ်ရင်း (၉) ထဲကို ဝင်မပြေးဘူးဗျ၊ ကားကို နောက်ပြန်ကွေ့ပြီး မောင်းသွားတာဗျ။ ကျွန်တော်တို့က အရှေ့ကိုဘဲ ဆက်ပြီး မောင်းမယ်ထင်ခဲ့တာ။ အရှေ့ကို ဆက်မောင်းရင်လည်း ဒီကောင်တွေ အသေဆိုးနဲ့ အသေဘဲဗျ၊ ကံကောင်းသွားတယ်'' ဟု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းက ရှင်းပြသည်။

မိုင်းခွဲ တိုက်ခိုက်မှုကို From Zero To Hero နှင့် Black Eagle Ranger အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူများ စစ်အုပ်စု အနီးအနား အသွားအလာ ဆင်ခြင်ပေးရန် ZTH ပြန်ကြားရေး တာဝန်ရှိသူက သတိပေး သည်။

"အဓိက ကတော့ ပြည်သူတွေ အနေနဲ့ စစ်အုပ်စုနဲ့ အနီးနားကို အသွားအလာ ဆင်ခြင်စေချင်တယ်၊ ကျွန်တော်တို့လည်း တစ်ခါတလေ ပြည်သူကို ငဲ့ကွက်ပြီး မဖောက်ခွဲခဲ့ ရတာမျိုးလည်း ရှိတယ်'' ဟု ၎င်းက သတိပေးပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly