ပါကစ္စတန်၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု များပြားနေစဉ် တွင် ပါရာစီတမော့ ပြတ်လပ်သွား

ပါကစ္စတန်၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု များပြားနေစဉ် တွင် ပါရာစီတမော့ ပြတ်လပ်သွား

ပါကစ္စတန်နိုင်ငံ၏ ဆေးဆိုင်အများအပြားတွင် ယခုအခါ ပါရာစီတမော့ဆေးသည် ဝယ်ယူ၍ မရရှိတော့ဘဲ မှောင်ခိုဈေးကွက်တွင်သာ ရရှိနေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ကိုဗစ် လူနာများအတွက် အများဆုံး ညွှန်ကြားသည့် ဆေးဝါးဖြစ်သည့် ပါရာစီတမော့ ပြတ်လပ်မှုက နိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအရေအတွက် မြင့်တက်လာခြင်း၊ နောက်ဆက်တွဲအားဖြင့် အကိုက်အခဲ ပျောက်ဆေး ဝယ်လိုအား မြင့်တက်ခြင်းနှင့် သက်ဆိုင်နေသည်ဟု ပါကစ္စတန် ဆေးဝါး စည်းမျဉ်းထိန်းသိမ်းမှု အာဏာပိုင်အဖွဲ့ (Drap) က ယူဆထားကြောင်း အဆိုပါသတင်းစာက ဖော်ပြသည်။

လိုင်စင်များ ရှိထားသော်လည်း ပါရာစီတမော့ကို ထုတ်လုပ်ရန် ပျက်ကွက်မှုအတွက် ဆေးဝါးထုတ် ကုမ္ပဏီ ၁၅ ခုကို Drap က ဖေဖေါ်ဝါရီ ၁ ရက်တွင် ဖြေရှင်းချက်တောင်းခံသည့် သတိပေးစာများ ပေးပို့ထုတ်ပြန်ထားခဲ့သည်။

လက်ရှိအချိန်တွင် ပါကစ္စတန်သည် ကိုဗစ်-၁၉ ပဉ္စမမြောက်လှိုင်းကို ရင်ဆိုင်နေရပြီး နိုင်ငံတဝန်း ကုသဆဲလူနာအရေအတွက် တစ်သိန်းကို ကျော်လွန်ထားခဲ့သည်။

ပါကစ္စတန်၏ နိုင်ငံလုံးဆိုင်ရာ COVID-19 ရောဂါပိုး တွေ့မှုနှုန်းသည် ၉ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး ၂၄ နာရီအတွင်း နိုင်ငံတဝန်း ယင်းရောဂါကြောင့် သေဆုံးသူ ၃၂ ဦး တွေ့ရှိခဲ့သည်ဟု အမျိုးသားအဆင့် ကပ်ရောဂါ ထိန်းချုပ်ကွပ်ကဲရေးနှင့် စီမံခန့်ခွဲမှု စင်တာ (NCOC) က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly