ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်၌ တရားမဝင်ငါးဖမ်းခြင်းကို တားဆီးနိုင်ရေး တာဝန်ရှိသူများ ဆွေးနွေး

ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်၌ တရားမဝင်ငါးဖမ်းခြင်းကို တားဆီးနိုင်ရေး တာဝန်ရှိသူများ ဆွေးနွေး

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် ဆွဲပိုက်ချသင်္ဘောများဖြင့် တရားမဝင် ငါးဖမ်းမှုကို တားဆီးကာကွယ်နိုင်ရေးနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးချုပ် မက်သာ နီယာ့ဇ် ရာနာက ဦးဆောင်ပြီး ဂွာဒါမြို့တွင် အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့သည်။

ထို့ပြင် ဆွဲပိုက်ချသင်္ဘောများဖြင့် တရားမဝင် ငါးဖမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အဆိုပါမြို့၌ ယမန်နှစ် နိုဝင်ဘာလက စတင်ခဲ့ပြီး ယင်းနောက် ဒီဇင်ဘာလတွင် ရပ်ဆိုင်းသွားခဲ့ရာ ဆန္ဒပြပွဲများကို ပြန်စရန်လည်း ပြည်သူများက လုပ်ဆောင်နေကြသည်။

ဆန္ဒပြသူများ၏ အဓိကတောင်းဆိုချက်မှာ မာကရန် ပင်လယ်ကမ်းခြေ၌ ဆွဲပိုက်ချသင်္ဘောများဖြင့် တရားမဝင် ငါးဖမ်းခြင်းကို တားဆီးပိတ်ပင်ရေးနှင့် ဂွာဒါ အပါအဝင် ဘာလိုချီစတန်၏ အခြားဧရိယာများရှိ ငါးဖမ်းသမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရေးပင် ဖြစ်သည်။ ဒေသခံများ၏ တောင်းဆိုချက်များကို လိုက်လျောမည်ဟု အစိုးရက သဘောတူခဲ့ပြီးနောက် ဆန္ဒပြမှုများကို ဖျက်သိမ်းခဲ့သည်။

ယခုအခါ ဘာလိုချီစတန်၏ ပင်လယ်ရေပြင်တွင် တရားမဝင် ဆွဲပိုက်ချသင်္ဘောများကို ပြန်လည်တွေ့ရှိနေရသည်ဟု ယခု နောက်ဆုံး ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ တင်ပြခဲ့သည်။

ထိုအစည်းအဝေးသို့ ပြည်နယ်အစိုးရ၏ အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြသည်။

တရားမဝင် ဆွဲပိုက်ချသင်္ဘောများ ပြန်ပေါ်လာမှုက ဒေသခံ ငါးဖမ်းသမားများကို စိတ်ပျက်စေခဲ့သလို ယင်းသင်္ဘောများသည် ဆင်းဒ်ပြည်နယ်မှ လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြစ်တင်ထားကြောင်း ဒေသတွင်းမီဒီယာသတင်းများတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly