Sioen Myanmar အထည်ချုပ် အလုပ်သမား ၂ ဦးကို စစ်ကောင်စီတပ်က စက်ရုံအတွင်း ဝင်ဖမ်း

Sioen Myanmar အထည်ချုပ် အလုပ်သမား ၂ ဦးကို စစ်ကောင်စီတပ်က စက်ရုံအတွင်း ဝင်ဖမ်း

ဖေဖော်ဝါရီလ ၁၁ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် လှိုင်သာယာ စက်မှုန်ဇုန် (၂) ရှိ Sioen Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား နှစ်ဦးကို စစ်ကောင်စီက ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း စက်ရုံဝန်ထမ်း အသိုင်းအဝိုင်းမှ သိရသည်။

အလုပ်သမား ကိုသန့်ဇော်ဦးသည် စက်ရုံတွင်း အလှူငွေ ၁၀၀၀ ကျပ် ကောက်ခံသည်ဟု ဆိုကာ ဟန်ငြိမ်းဦး တယ်လီဂရမ်တွင် ရေးသားပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၃ နာရီတွင် စစ်ကောင်စီတပ်များ စက်ရုံအတွင်း ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

ယင်းဖြစ်စဉ်နှင့် ဆက်စပ်ပြီး ယနေ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၁ နာရီကျော်တွင် စက်ရုံလုပ်သား မခိုင်ခိုင်ဦး ကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း စက်ရုံ အလုပ်သမား တစ်ဦးက ပြောသည်။

ဟန်ငြိမ်းဦး တယ်လီဂရမ်တွင် ဖော်ပြခံရပြီးနောက် အိမ်ပြန်ရန် ကိုသန့်ဇော်ဦး က မန်နေဂျာထံ ခွင့်တောင်းခဲ့ သော်လည်း ခွင့်ပြုချက် မရရှိခဲ့ဘဲ စက်ရုံတွင်း ဖမ်းဆီး ခံခဲ့ရကြောင်း ဆိုသည်။

“ဒီအလုပ်သမားလေးက ဂိတ်ပတ်စ် တောင်းတဲ့အခါ မန်နေဂျာက ခွင့်ပြုပေးရမယ့် တာဝန်ရှိတယ်။ ဂိတ်ပတ်စ် ဆိုတာက ဂိတ်ကို ဖြတ်ရတဲ့ ခွင့်ပြုချက်၊ အဲ့ဒါရမှ ဂိတ်ကနေ အပြင်ကို ထွက်လို့ ရတာပေါ့နော်။ အဲ့ဒါကလည်း မန်နေဂျာက အလွယ်တကူ ပေးလို့ရပါတယ်။ ဒါက အပန်းကြီးတဲ့ ကိစ္စ မဟုတ်ဘူးလေ။ တကယ်လို့ အဲ့လို ခွင့်ပြုပေးလို့ သူအိမ်ပြန်သွားရင် ဖမ်းချင်ရင် အိမ်လိုက်ဖမ်းလေ။ မန်နေဂျာကနေ ဒီအလုပ်သမားရဲ့ အချက်အလက်တွေ ပေးလိုက်လို့ ရတယ်လေ။ သူတို့ဖမ်းချင်ရင် အိမ်လိုက်ဖမ်းပေါ့။ စက်ရုံထဲမှာ ကြက်ကလေး ငှက်ကလေးကို ဖမ်းသလို တောက်လျှောက် အဖမ်းခံနေရတယ် ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့’’ ဟု အလုပ်သမား အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြုသည်။

မခိုင်ခိုင်ဦး ကိုမူ အရပ်ဝတ် စစ်ကောင်စီ လက်ပါးစေ အယောက် ၂၀ ခန့်ဖြင့် လာရောက် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

“စစ်ကားတစ်စီး ကိုယ်ပိုင်ကား နှစ်စီး အရပ်ဝတ်တွေနဲ့ အယောက်နှစ်ဆယ်ကျော်လောက် စက်ရုံထဲ ရောက်လာတာပါ။ လက်နက်တွေလည်း ပါပါတယ်’’ ဟု မခိုင်ခိုင်ဦးကို ဝင်ရောက် ဖမ်းဆီးမှုအား နီးစပ်သူ တစ်ဦးက ပြောပြသည်။

၂၀၂၁ ခုနှစ် သြဂုတ်လကလည်း Sioen Myanmar အထည်ချုပ် စက်ရုံ အလုပ်သမား သမဂ္ဂဝင် တစ်ဦး လူမှုကွန်ရက်တွင် NUG ကို ထောက်ခံကြောင်း ရေးသားသည်ဟုဆိုကာ အဖမ်းခံခဲ့ရသည်။ 

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော် အတွင်း လုပ်ငန်းခွင်ရှိ အလုပ်သမားများ အခွင့်အရေး ချိုးဖောက်မှုများ ခံနေရပြီး အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ပယ် ခံရမှုများအပြင် စက်ရုံတွင်း ဝင်ရောက် ဖမ်းဆီးခံရပါက အကာအကွယ် မရမှုများ ရင်ဆိုင် နေရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required