ကိုအာလာ ဝက်ဝံတွေ ကောင်ရေကျဆင်းနေပြီး မျိုးသုဉ်းအန္တရာယ်ရှိနေဟု ဩစတြေးလျ သတိပေး

ကိုအာလာ ဝက်ဝံတွေ ကောင်ရေကျဆင်းနေပြီး မျိုးသုဉ်းအန္တရာယ်ရှိနေဟု ဩစတြေးလျ သတိပေး

ဖေဖော်ဝါရီလ ၁၁ ရက်

ဩစတြေးလျအစိုးရဟာ နိုင်ငံအရှေ့ဘက် တစ်ခွင်တစ်ပြင်မှာ ရှိတဲ့ ကိုအာလာ ဝက်ဝံတွေကို “မျိုးသုဉ်းရန် အန္တရာယ်ရှိ” မျိုးစိတ်အဖြစ် ဖေဖေါ်ဝါရီ ၁၁ ရက်မှာ တရားဝင် စာရင်းသွင်းလိုက်ပါတယ်။

သားပိုက်ကောင်လို နို့တိုက်သတ္တဝါမျိုးဖြစ်တဲ့ ကိုအာလာတွေဟာ တောမီးလောင်ကျွမ်းမှုတွေ၊ မြေယာ ရှင်းလင်းမှု၊ မိုးခေါင်မှု နဲ့ ရောဂါဘယတွေရဲ့ ဒဏ်တွေအောက်မှာ ရှင်သန်နေထိုင်နိုင်ဖို့ ရုန်းကန်ကြိုးပမ်းနေရပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စုအတွင်း ဩစတြေးလျ အရှေ့ပိုင်း နေရာအများအပြားမှာ ကိုအာလာ ကောင်ရေ ထိုးကျထားခဲ့ပြီး လက်ရှိအချိန်မှာ ယင်း ဝက်ဝံတွေဟာ မျိုးသုဉ်းသွားနိုင်တဲ့ အခြေအနေဆီ ဦးတည်နေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်တွေက သတိပေးထားခဲ့ပါတယ်။

နယူးဆောက်ဝေးစ် ၊ ဩစတြေးလျမြို့တော်ဒေသကြီး နဲ့ ကွင်းစ်လန်းတို့မှာ ယင်း တိရစ္ဆာန်မျိုးစိတ်ကို ပိုမို ဂရုတစိုက် ကာကွယ်စောင့်ရှောက်မှုတွေ ပေးဖို့အတွက် ဒီ ကိုအာလာ ဝက်ဝံတွေကို မျိုးသုဉ်းရန် အန္တရာယ်ရှိ မျိုးစိတ်အဖြစ် စာရင်းသွင်း သတ်မှတ်လိုက်ကြောင်း ဩစတြေးလျ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဆူဆန် လေးက ပြောခဲ့ပါတယ်။

ဩစတြေးလျရဲ့ ထူးခြားတဲ့ သင်္ကေတအမှတ်အသားအဖြစ် တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ဒီ ကိုအာလာတွေကိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုက အရှေ့ဘက် ပင်လယ်ကမ်းခြေဒေသမှာ ‘မျိုးသုဉ်းဖွယ်ရှိ’ မျိုးစိတ်အဖြစ် စာရင်းသွင်းခံထားခဲ့ရတာဖြစ်ပါတယ်။

“ကိုအာလာတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်မတို့ အရင်နဲ့မတူတဲ့ ထူးကဲလုပ်ဆောင်ချက်တွေ လုပ်နေပါတယ်” လို့ ဆူဆန် လေးက ပြောပါတယ်။

ကိုအာလာတွေ ကျင်လည်ရာ နေရာတွေကို ပြန်လည် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ ကန်ဒေါ်လာ ၃၆ သန်း အသုံးပြုမယ်ဆိုပြီး မကြာသေးခင်က အစိုးရရဲ့ ကတိကဝတ်ပြုမှုကို သူမက အသားပေးပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly