ကျိုက်ထိုမြို့နယ်အတွင်း ရထားသံလမ်း တံတား မိုင်းခွဲခံရ

ကျိုက်ထိုမြို့နယ်အတွင်း ရထားသံလမ်း တံတား မိုင်းခွဲခံရ

ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ် မုပ္ပလင်နှင့် စွပ္ပနူး ကျေးရွာကြား ဦးကြာရိုးတံတားပေါ်ရှိ ရထား သံလမ်းကို ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း Kyaikhto Revolution Force အဖွဲ့ဝင် တစ်ဦးက ပြောသည်။

မော်လမြိုင်မှ ရန်ကုန်သို့ ရထားတစ်စီး ဝင်ရန်ရှိပြီး စစ်ကောင်စီ တပ်သားပါသော ရထားတွဲ ခုနစ်တွဲနှင့် လက်နက်ပါသော တွဲတစ်တွဲ ပါကြောင်း သတင်းရရှိ၍ ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"မနေ့ ညဦးပိုင်းကလည်း ဒီကောင်တွေ ရထားလမ်းကို တောက်လျှောက် လိုက်စစ်တယ်။ ဒီမနက်မှာ ကျနော်တို့ မိုင်းထောင်ထားတဲ့ တံတားပေါ်ကို စစ်သား ငါးယောက် တက်စစ်တယ်။ မဖြစ်မနေ ခွဲလိုက်ရတာပေါ့ဗျာ။ တက်စစ်တဲ့ ငါးယောက်လောက် လေပေါ်ဝဲကုန်တယ်" ဟု Kyaikhto Revolution Force အဖွဲ့ဝင်က ပြောသည်။

စစ်တပ်က ယမန်နေ့ ညပိုင်းမှ စတင်ကာ အဆိုပါ ရထားသံလမ်း တစ်လျှောက် စစ်ဆေးမှုများ ပြုလုပ်ပြီး ယနေ့ နံနက်ပိုင်းတွင်မူ အဆိုပါ မိုင်းထောင်ထားသည့် နေရာကို လာရောက် စစ်ဆေးသောကြောင့် မဖြစ်မနေ ခွဲလိုက်ရခြင်း ဖြစ်ကာ စစ်သား သုံးဦးနှင့် အထက် သေဆုံးပြီး ရထားလမ်းလည်း ပျက်စီးသွားသည်ဟု ဆိုသည်။

"စစ်ကောင်စီ တပ်သားတွေ ရမ်းသန်းပြီး ပတ်ဝန်းကျင်ကို ဆယ့်ငါးမိနစ်လောက် လျှောက်ပစ်တယ်။ ရထားလည်း ဆက်မထွက်တော့ဘူးလို့ သိရပါတယ်။ ရထားလမ်းနဲ့ ကားလမ်း အပြိုင်ဆိုတော့ ကားနဲ့ လျှောက်သွားပြီး မသင်္ကာတဲ့နေရာ ဆင်းစစ်တဲ့ ပုံမျိုး" ဟု Kyaikhto Revolution Force အဖွဲ့ဝင်က ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်နှင့် အင်္ဂဘိုရွာ ကြား၌ ကား ၁၁ စီးပါ စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly