ဖျာပုံမြို့တွင် စစ်ကောင်စီ သတင်းပေးဟုဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ

ဖျာပုံမြို့တွင် စစ်ကောင်စီ သတင်းပေးဟုဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ

ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ ဓနိတော (၇) လမ်းတွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေးဟု ဆိုသူအား အမည်မသိ သေနတ်သမား တစ်ဦးက ဖေဖော်ဝါရီလ ၁၀ ရက် ည ၈ နာရီ ၅ မိနစ်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံများထံက သိရသည်။

ပစ်ခတ်ခံရသူ ဇော်မင်းထွေးသည် ကြံ့ခိုင်ရေးပါတီဝင် ဖြစ်ပြီး စစ်ကောင်စီတပ်ကို သတင်းပေးနေသူ ဖြစ်ကြောင်း၊ အရက်ဆိုင်မှ ပြန်လာစဉ် ချောင်းတွင်း တံတားအနီး ရွှေလက်ယာ အရက်ဆိုင်ရှေ့တွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"ဇော်မင်းထွေးက စစ်တပ်ကို သတင်းပေးလိုက် ရဲကို သတင်းပေးလိုက် လုပ်နေတာကြာပြီ၊ သူ့ကြောင့် အဖမ်းခံရတာတွေလည်း မနည်းဘူး၊ ရပ်ကွက်ထဲမှာလည်း ဟောင်ဖွာဟောင်ဖွာနဲ့ အာဏာပြနေတဲ့ လူပါ။ မနေ့ညကတော့ အပစ်ခံရပြီး ရန်ကုန် ဆေးရုံကို အရေးပေါ် ခေါ်သွားရတယ်လို့ ကြားတယ်၊ သေလား မသေလားတော့ မသိရသေးဘူး" ဟု ၎င်းကဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီး မိနစ်အနည်းငယ် အကြာတွင် စစ်ကောင်စီတပ်နှင့် ရဲများက ဖျာပုံမြို့ပေါ်၌ ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တံခွန်တိုင်ကျောင်းဘေး ရွာလမ်းနေ လူငယ် လေးဦးထက် မနည်းကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required