အဆောင်အယောင်က သာမည အလုပ်သည်သာ အဓိက

အဆောင်အယောင်က သာမည အလုပ်သည်သာ အဓိက

အခုတလော ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲနေ့က နိုင်ငံတော်သမ္မတက အခြား တက်ရောက်သူ များနဲ့မတူ တစ်ဦးတည်း သီးသန့်ကုလားထိုင်နှင့် ထိုင်သည့်ပုံအပေါ် အင်တာနက် လူမှုကွန် ရက်ပေါ်တွင်သာမက သတင်းစာဖတ်ပရိတ်သတ်တချို့က ဝေဖန်ဆွေးနွေးကြသည့်အသံများကို ကြားကြရပါသည်။

တချို့က သည်လို သီးသန့်တခမ်းတနား ထိုင်ခြင်းအားဖြင့် နိုင်ငံတော်သမ္မတ၏ဂုဏ်ကို အသိ အမှတ်ပြုရာရောက်ပြီး ဝင့်ထယ်မှုကို ဖြစ်စေသည့်အတွက် ကောင်းသည်ဟု ဆိုကြပါသည်။ မြန်မာ တို့၏ ယဉ်ကျေးမှုထုံးစံအရ မိမိတို့ထက် တာဝန်ကြီးယူထားသူတစ်ဦးအပေါ် သည်လို ရှုမြင်ရ သည်မှာ တင့်တယ်သည်ဟု ယူဆကြပါသည်။

တချို့ကတော့မူ သည်လို သီးသန့် ခွဲထိုင်ခြင်းမှာ နိုင်ငံရေးရှုထောင့်မှကြည့်ပါက အများနှင့်တ ပြေးညီ စိတ်ဓါတ် အားနည်းမှုကို ပြသလိုဖြစ်စေသည်ဟုဆိုတာ သည်လို သိသိသာသာကြီး အများနှင့် ခွဲမထိုင်သင့်ဟု ဝေဖန်ကြသည်လည်း ရှိပါသည်။

သည်အကြောင်းနှင့် နှီးနွယ်ပြီး သွားလေသူ အာဏာရှင်ကြီးဟောင်း ဦးနေဝင်းကို သွားပြီးသတိ ရစေပါသည်။ တချို့ကလည်း ယင်းဦးနေဝင်းနှင့် နှိုင်းယှဉ်ကာ ဝေဖန်ကြသည်များလည်း ရှိပါသည်။ ဦးနေဝင်းသည် သူ အာဏာရှိသက်တမ်းနှောင်းပိုင်း၌ မည်သည့်နေရာရောက်သည်ဖြစ်ပစေ မည်သည့် အခမ်းအနားတွင် ဖြစ်ပစေ မြင့်မားသည့် ခုံပေါ်တွင်သာ ထိုင်သွားခဲ့သူဖြစ်သည်။

အခြားသူများနှင့် တတန်းစားတည်း ထိုင်လေ့ထိုင်ထမရှိဘဲ သူက သီးခြားသပ်သပ် ထိုင်လေ့ရှိသည်။ ယုတ်စွအဆုံး အခြားသူများနှင့် ရင်ဘောင်တန်းထိုင်သည့်တိုင် သူထိုင်သည့်ကုလားထိုင်က သူနှင့်ဘေးချင်း ယှဉ်ထိုင် သည့် ကုလားထိုင်များထက် ပိုပြီးမြင့် ပိုပြီးကြီးသည့်ကုလားထိုင်ကိုမှ သူက ထိုင်လေ့ရှိပါသည်။

ထိုအမူအကျင့်ကို ပြည်သူတွေက မမေ့။ ထိုအကျင့်ကို ပြည်သူတွေက မလိုလားကြပါချေ။ အဘယ် ကြောင့်ဆိုသော် အာဏာရှင်တို့သည် လူအချင်းချင်း အတန်းအစားခွဲပြီး ဆက်ဆံတတ်သည့် အခြေခံ အယူအဆအပေါ်မူတည်ပြီး ဖြစ်ပေါ်လာသည့် ခွဲခြားဆက်ဆံခြင်း၊ အခွင့်ထူးခံခြင်း၊ အစရှိသည့် အယူအဆများကိုပါ မွေးထုတ်ရာရောက်သည်ဟုဆိုကာ ဝေဖန်ပြစ်တင်ခဲ့ကြဖူးပါသည်။

မျက်မှောက်ခေတ်သည် ဒီမိုကရေစီကို ရှေ့ရှုစပြုသောခေတ်ဖြစ်သည်။ ထိုဒီမိုကရေစီကိုလည်း ပြည်သူများက ရွေးချယ်ရှေ့ရှုခြင်းဖြစ်သည်။ မိမိတို့ပြည်သူများသည် အာဏာရှင်စနစ်ကို မလိုလား ကြောင်း တခဲနက်သော မဲဆန္ဒဖြင့် ထုတ်ဖေါ်ပြောဆိုထားပြီးဖြစ်သည်။ ထို့ကြောင့် အာဏာရှင်ဆန် သော၊ အခွင့်ထူးခံဟုယူဆရသော၊ ခွဲခြားဆက်ဆံတတ်သော အမူအကျင့်များကို ကြောခိုင်းချင်နေ ကြပြီ ဖြစ်သည်။ တကယ်တော့လည်း အဆောင်အယောင်သည် သာမည အလုပ်သည်သာ အဓိက ဆိုသည်ကို ပြည်သူတို့က သိလာကြပြီဖြစ်သည်။

နိုင်ငံတော်သမ္မတကြီးသည် အထက်ပါ စိတ်ဆန္ဒများဖြင့် သီးခြားခွဲထိုင်ခဲ့သည်ဟု မယူဆရ သော်ငြား နိုင်ငံတော် အကြီးအကဲတို့၏ ဓလေ့စရိုက်နှင့်ညီစွာ ထိုင်ခဲ့ခြင်းသာဖြစ်သည် မှန်သော်ငြား ပြည်သူ များကမူ ခဲမှန်ဖူးသည်စာသူငယ်ပမာ စိုးရိမ်ပူပန်စိတ်ဖြင့် ဝေဖန်သုံးသပ်ကြခြင်းသာ ဖြစ်သည် ဟု ယူဆရပါသည်။

အမှန်တကယ်တော့လည်း အာဏာရှင်တို့သည် အဆောင်အယောင် ပကာသနနှင့် ဝံ့ကြွားရ ခြင်းအပေါ်မှာသာ ယစ်မူးနေတတ်ကြပြီး လက်တွေ့တွင်မူ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဆို သလို ပြည်သူများမှာ ဆင်းရဲတွင်းက မတက်နိုင်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်သည်။ ပြည်သူတို့ က တဲဖြင့် နေထိုင်နေကြရသည့်အချိန် အာဏာရှင်များက စည်းစိမ်ခံစား တခမ်းးးတနား နေထိုင်ခဲ့ကြ သည့် သမိုင်းအဖြစ်မှန်များကလည်း ထုနဲ့ထေး ရှိခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် နိဂုံးချုပ်ပြောရလျင် မိမိတို့နိုင်ငံ၌ ပြည်သူများနှင့်တပြေးတည်းရှိသည့်စိတ်ဓါတ်များ၊ အသားအရောင်ခွဲခြား၊ ဘာသာခွဲခြား၊ လူမျိုးခွဲခြား အစရှိသည့် ခွဲခြားဆက်ဆံခြင်းအယူအဆများ သည့်ထက် ပိုမိုနည်းပါးသွားစေရေး အရေးကြီးလှကြောင်း အလျဉ်းသင့် တိုက်ဆိုင်တုန်း တင်ပြလိုက်ရ ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly