အိန္ဒိယတွင် တိဗက်ကျောင်းသားများက ပေကျင်း အိုလံပစ်ပွဲကို ဆန္ဒပြ

အိန္ဒိယတွင် တိဗက်ကျောင်းသားများက ပေကျင်း အိုလံပစ်ပွဲကို ဆန္ဒပြ

လွတ်လပ်သောတိဗက်ကျောင်းသားများအဖွဲ့ (SFT) မှ တက်ကြွလှုပ်ရှားသူများသည် တရုတ်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် သရုပ်ဖော်ပုံစံဖြင့် ဖေဖော်ဝါရီ ၃ ရက်က အိန္ဒိယနိုင်ငံ၊ ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်ရှိ ဓာရ်မရှာလာမြို့တွင် ဆန္ဒပြခဲ့ကြသည်။

၎င်းတို့က ၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်အား '၂၀၂၂ လူမျိုးတုံးသတ်ဖြတ်မှု’ ဟု ခေါ်ဝေါ်ခဲ့ကြသည်။ တရုတ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် အခြားဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေ သော်လည်း ၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှား သူများက စွပ်စွဲထားသည်။

“၂၀၂၂ ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ဖွင့်ပွဲကို ကျွန်တော်တို့ ကန့်ကွက်ဆန္ဒပြနေကြတာပါ။ ဒါကြောင့် ဝီဂါ ၁ သန်းကျော်၊ ဘာသာစကား၊ တိဗက်မှာ အကျဉ်းချခံနေရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဟောင်ကောင်က လွတ်လပ်ရေးကြိုးပမ်းနေသူတွေအတွက် အသံပေးခြင်းဖြစ်ပါတယ်” ဟု SFT မှ စည်းရုံးရေးမှူး တန်ဇင်းလက်ဒန်က ပြောသည်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို ဆန့်ကျင်ကန့်ကွက်သည့် သရုပ်ဖော်မှုနှင့်ပတ်သက်၍ ၎င်းက “ဒီမှာ ကစားသမားတွေက မျက်လုံးတွေကို စည်းထားပါတယ်။ ဒါက တိဗက်နဲ့ တရုတ်နိုင်ငံရဲ့ အခြားနေရာတွေမှာ ဖြစ်ပျက်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မသိကျိုးကျွန်ပြုတဲ့ ပုံစံကို ကိုယ်စားပြုတာပါ” ဟု တန်ဇင်းကပြောသည်။

၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲကို တရုတ်အား ကျင်းပခွင့်ပြုခြင်းသည် တရုတ်အုပ်ချုပ်မှုအောက်တွင် နေထိုင်ကြသူများ၏ အခွင့်အရေးနှင့်ဘဝတိုးတက်မှုအတွက် အထောက်အကူအဖြစ် သက်သေမပြနိုင်ခဲ့ကြောင်း SFT က ပြောသည်။

တရုတ်သည် အားကစားပွဲကျင်းပခွင့်ရခြင်းအား ၎င်း၏မူဝါဒများကို ထောက်ခံမှုတစ်ခုအဖြစ် သဘောထားသောကြောင့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ကျင်းပခွင့်ပြုလိုက်ခြင်းက ဖိနှိပ်မှုတိုးမြှင့်လုပ်ဆောင်ရန် တရုတ်အား တွန်းအားဖြစ်စေမည်ကို တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေကြသည်။

သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် တရုတ်အာဏာပိုင်များသည် ဝီဂါ၊ တိဗက်လူမျိုး၊ လူမျိုးစုများနှင့် လွတ်လွတ်လပ်လပ် ကိုးကွယ်သောအုပ်စုအားလုံးမှ ဘာသာရေးယုံကြည်သူများကို ညှင်းပန်းနှိပ်စက်မှုအများအပြား ကျုးလွန်လျက်ရှိသည်ဟု SFT က ပြောကြားခဲ့သည်။

“ဒီနေ့ လုပ်ဆောင်ချက်ဟာ တိဗက်မှာတင်သာမကဘဲ ဝီဂါ၊ ထိုင်ဝမ်၊ တောင်မွန်ဂိုလီးယားတို့လို တရုတ်က သိမ်းပိုက်ထားတဲ့ နိုင်ငံတွေအားလုံးကို ကိုယ်စားပြုပါတယ်" ဟု မှ SFT မှ တန်ဇင်းပါဆန်က ပြောကြားသည်။ "တရုတ်က ကျမတို့ပြောတာကို နားထောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နားမထောင်ရင်တောင်မှ နိုင်ငံတကာအသိုင်းအဝိုင်းက ကျမတို့ကို ထောက်ခံပြီး တရုတ်ကိုဆန့်ကျင်ဖို့ မျှော်လင့်ပါတယ်" ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly