ဖေဖော်ဝါရီ ၁၀
ရန်ကုန်မြို့ရှိ ပြောက်ကျားအဖွဲ့ တစ်ဖွဲ့၏ လက်နက်တိုက်နေရာ နှစ်ခုကို စစ်တပ်က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ရန်ကုန် အခြေစိုက် ပြောက်ကျားအဖွဲ့ ဖြစ်သည့် Free Tiger Ranger အဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောသည်။
အဆိုပါ လက်နက်တိုက်သည် တောင်ဥက္ကလာနှင့် မြောက်ဒဂုံတွင် နှစ်နေရာ ရှိပြီး လက်နက်များနှင့် အတူ ခေါင်းဆောင်ပိုင်း တစ်ဦးလည်း ဖမ်းခံခဲ့ရသည်ဟု ဆိုသည်။
"မိတာကတော့ GPS ကနေ တစ်ဆင့် မိတာ၊ ပုံစံက လက်နက်အလှူပေါ့၊ လှူလိုက်တဲ့ လက်နက်မှာ တပ်ပြီး ပေးလိုက်တာပဲ။ ရဲဘော်တွေ ဘာလိုအပ်နေသလဲကို ကြည့်ပြီး လှူပုံရတယ်။ ဥပမာ M79 လိုတယ်လို့ အလှူခံမိတယ် ဆိုပါစို့၊ တစ်ဦးတည်း အလှုရှင် ထပေါ်လာရင် ကြောက်ရပါတယ်၊ သူကဝယ်ပြီး ပို့ပေးတယ်ပေါ့၊ အဲ့မှာ ခြေရာခံစက် ထည့်ပေးလိုက်တဲ့ ပုံစံမျိုးဗျ "ဟု ဗိုလ်တိုက်ဂါးက ပြောသည်။
ယခုရက်ပိုင်းအတွင်း အလှူခံ ရရှိသည့် အထဲမှ ၄၀ မမနှင့် ပတ်သက်သော သေနတ်များတွင် GPS ပါလာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
ဖမ်းဆီးခံရမှုတွင် ခေါင်းဆောင်ပိုင်း တစ်ဦးနှင့် အတူ ၄၀ မမ ဗုံးပစ်လောင်ချာ နှစ်လက်၊ လက်ပစ်ဗုံးနှင့် ကျည်မျိုးစုံတို့ ပါဝင်ပြီး စာရင်း အတိအကျကိုမူ မသိရသေးပေ။
စစ်အာဏာသိမ်းမှု တစ်နှစ် ပြည့်လာပြီဖြစ်သည့် ယခုကာလတွင် ပြည်သူများ ခက်ခဲနေသည်ကို နားလည်သော်လည်း လက်နက်ကိုင် တော်လှန်ရေးအတွက် ထောက်ပံ့ပေးနိုင်ရေး အားစိုက်ရန်လည်း ၎င်းက တိုက်တွန်းသည်။