ပါကစ္စတန်က နယ်စပ်မျဉ်းတစ်လျောက်တွင် အာဖဂန်နိုင်ငံသားများကို သက်သေခံကတ်များ ထုတ်ပေးနေဟု ဆို

ပါကစ္စတန်က နယ်စပ်မျဉ်းတစ်လျောက်တွင် အာဖဂန်နိုင်ငံသားများကို သက်သေခံကတ်များ ထုတ်ပေးနေဟု ဆို

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား နယ်ခြားမျဉ်းဖြစ်သည့် ဒူရန်းမျဉ်း (Durand line) တစ်လျောက်တွင် အာဖဂန်နိုင်ငံသားများကို ပါကစ္စတန်က သက်သေခံကတ်ပြားများ (ID card) ထုတ်ပေးလျက်ရှိခြင်းကြောင့် ပါကစ္စတန်သည် အဆိုပါနယ်မြေ၌ လူဦးရေအချက်အလက်ဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် အေယာနန်ရှား မိုင်ထရာက The Khaama Press တွင် အတွေးအမြင်ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်သည်။

အာဖဂန်နိုင်ငံသားများကို သက်သေခံကတ်ပြားများ အတင်းအကျပ် ထုတ်ပေးနေသည့် ပါကစ္စတန်၏ လုပ်ဆောင်ချက်က အာဏာရှင်ဆန်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်ရုံသာမက အာဖဂန်၏ အချုပ်အချာအာဏာနှင့်ပတ်သက်ပြီး မေးခွန်းများကို ထွက်ပေါ်စေခဲ့သည်။

အာဖဂန်နစ္စတန်သည် လက်ရှိအချိန်တွင် အခက်အခဲ အများအပြားနှင့် တွေ့ကြုံနေရပြီး အဆိုပါ ပြဿနာများမှ ရုန်းထွက်နိုင်ရန် ပါကစ္စတန်အပေါ် များစွာမှီခိုနေရသည်။

ပြီးခဲ့သည့်အပတ်က ယုံကြည်စိတ်ချရသည့် အာဖဂန်သတင်းမီဒီယာတစ်ခုက သတင်းဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ရာတွင် ဒူရန်းမျဉ်းအနီး အာဖဂန်တောင်ပိုင်း ကန်ဒါဟာ ပြည်နယ် စပင် ဘိုးဒက် ခရိုင်ရှိ လက်မန်းနှင့် ဂျဟန်ဂျီရာ ကျေးရွာများတွင် ပါကစ္စတန်သက်သေခံကတ်ပြားများ ထုတ်ပေးထားသည်ဟု ဖော်ပြထားကြောင်း The Khaama Press က ဖော်ပြခဲ့သည်။

ဒူရန်းမျဉ်းသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား နယ်စပ်ဧရိယာဖြစ်ပြီး ၁၈၉၀ ပြည့်နှစ်မှစပြီး ဗြိတိသျှ ဗိုလ်မှူးကြီးတစ်ဦး၏ အမည်ကို ပေးထားခဲ့ခြင်းဖြစ်သည်။ ယင်း နယ်ခြားမျဉ်းကို ပါကစ္စတန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုသော်လည်း အာဖဂန်နစ္စတန်က ယင်းကို တရားဝင်အသိအမှတ်ပြုလက်ခံရန် အမြဲတစေ ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly