ပုသိမ်-ချောင်းသာ ကားလမ်းဘေး တောအုပ်အတွင်း စစ်ကောင်စီတပ်များ တောနင်းရှာဖွေနေ

ပုသိမ်-ချောင်းသာ ကားလမ်းဘေး တောအုပ်အတွင်း စစ်ကောင်စီတပ်များ တောနင်းရှာဖွေနေ

ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်-ချောင်းသာ ကားလမ်းဘေးရှိ တောအုပ်အတွင်း ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၇ နာရီခန့်တွင် စတင်ကာ စစ်ကောင်စီတပ်များက တောနင်းရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါးအပြင် ဒရုန်း သုံးစင်းသုံးကာ တောနင်းရှာဖွေနေကြခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF ) အဖွဲ့ဝင်များအား ရှာဖွေနေခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်သားများက ပြောဆိုနေကြသည်ကို ကြားသိရကြောင်း ခြောက်ကောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

"မနက်အစောကြီး စစ်ကားနှစ်စီးနဲ့ ခြောက်ကောင်ရွာနားကို စစ်သားတွေရောက်လာပြီး တောထဲကိုဝင်သွားကြတာ အခု ညနေပိုင်းအထိ ပြန်ထွက်မလာသေးဘူး။ ဒရုန်းတွေကို တောအုပ်ပေါ်မှာ အရင်ဆုံးမောင်းထားပြီးမှ တောထဲကို ဝင်သွားတာပါ"ဟု ၎င်းကဆိုသည်။

ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် စစ်ကောင်စီလက်‌အောက်ခံ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ဝန်ကြီး ဦးဌေးအောင်နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ လိုက်ပါလာသည့် ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး နောက်ပိုင်း ချောင်းသာအနီးရှိ တောအုပ်များနှင့် တောအတွင်း ဝင်ပေါက်၊ ထွက်ပေါက်များ အားလုံးကို စစ်ကောင်စီတပ်သား အင်အား ၅၀၀ ကျော်ဖြင့် နှစ်လကျော် ပိတ်ဆို့ထားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ခန့်က ပြန်လည်ထွက်ခွာ သွားကြခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

လက်ရှိတွင် ထိုသို့ တောနင်းရှာဖွေမှုအပြင် ပုသိမ်-ချောင်းသာ ကားလမ်းဘေး ဝဲ ယာရှိ ချုံများထဲတွင် လက်နက်များဖြင့် စစ်ကောင်စီတပ်သားများကို ကင်းပုန်းများချထားကြောင်း ဒေသခံကဆိုသည်။ ထို့ပြင် ဒေသခံများအပေါ် စစ်ကောင်စီတပ်က မတရား ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly