မြစ်ကြီးနားတွင် တလအတွင်း ဒုတိယအကြိမ်မြောက် မိုးသီးများကျ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
07 February 2022
မြစ်ကြီးနားတွင် တလအတွင်း ဒုတိယအကြိမ်မြောက် မိုးသီးများကျ

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက်ပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် အတူ တစ်လအတွင်း ဒုတိယ အကြိမ်မြောက် မိုးသီးများ ကျခဲ့သည်ဟု ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနထံ က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက်ပိုင်းက မန်ခိန်ရပ်ကွက်၊ ရွှေစက်ရပ်ကွက်၊ အင်ဂျန်ဒုံရပ်ကွက်များတွင် အချိန်အခါ မဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ မိုးသီးများကျခဲ့သည်ဟု သိရသည်။

"ဒီနေ့မနက် ၆ နာရီခွဲလောက်က မိုးက အရမ်းမရွာဘဲနဲ့ နေရောင် နည်းနည်းမြင်ပြီး မိုးသီးတွေက အရမ်းကျလာတာ" ဟု ရွှေစက်ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ မိုးသီးများကျခြင်းသည် အနောက်မြှောက်ဘက်က တိုက်ခတ်လာသည့် ရေနွေးစီးကြောင်းနှင့် တရုတ် ပြည်ဘက်မှ တိုက်ခတ်လာသည့် ရေအေးစီးကြောင်းများ တွေ့ဆုံရာမှ မြစ်ကြီးနားမြို့အတွင်း မိုးနှင့်အတူ မိုးသီး များရွာချခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ်မိုး/ဇလ ပြည်နယ်ဦးစီးမှူး ဦးတင်ထိုက် က ပြောသည်။

“လွန်ခဲ့တဲ့ အနှစ်အစိတ် သုံးဆယ်လောက်က မြစ်ကြီးနားမြို့က နေရတာ ဒီလိုလေးပဲလေ အဲ့နောက်မှာ မှ ရာသီ ဥတုတွေက ဖောက်ပြန်ပြီး ပူလွန်း အေးလွန်း ဖြစ်သွားတာ အခုကပြန်ပြီး ပုံမှန်ရာသီဥတုကို ပြန်ရောက်လာမယ့် သဘောပါပဲ။ ထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး။ အသက်ကြီးတဲ့ သူတွေနဲ့ ဆောင်းသီးနှံတွေကိုတော့ ဂရုစိုက်ရမှာပေါ့” ဟု ပြောသည်။

လာနီညာ၏ သဘောတရားသည် ရာသီဥတုကို ထိန်းညှိပေးခြင်းဖြစ်ပြီး ပူပြင်းနေသည့် အခြေအနေကို အေး အောင်လုပ်ခြင်း ဖြစ်ကာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကလည်း မြစ်ကြီးနားမြို့၏ ရာသီဥတု ဖြစ်စဉ်မျိုး ဖြစ်လာ ရခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၁၃ ရက်နေ့၊ နံနက်ကလည်း မြစ်ကြီးနားမြို့ရှိ အကျဲ၊ ပလန ရပ်ကွက်တို့ မိုးသီးများကျခဲ့ပြီး ယခု ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထပ်မံကျခြင်းဖြစ်ပြီး တစ်လခန့်အချိန်အတွင်း မိုးသီး ၂ ကြိမ် ကျခြင်းသည် ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်သည်ဟု ပြည်နယ်မိုး/ဇလ ပြည်နယ်ဦးစီးမှူးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly