ပါကစ္စတန် ကာရံထားသည့် နယ်စပ်ခြံစည်းရိုးကို တာလီဘန်တို့ ဖြိုဖျက်

By The World News
06 February 2022
ပါကစ္စတန် ကာရံထားသည့် နယ်စပ်ခြံစည်းရိုးကို တာလီဘန်တို့ ဖြိုဖျက်

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား နယ်ခြားမျဉ်းဖြစ်သည့် ဒူရန်းမျဉ်း (Durand line) တွင် ပါကစ္စတန်စစ်တပ် စိုက်ထူကာရံထားသည့် ခြံစည်းရိုး၏ အစိတ်အပိုင်းအချို့ကို တာလီဘန်တို့က ဖြိုဖျက်ခဲ့ သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့သည် နိုင်ငံရေးအရ အခြေခိုင်စွာဖြင့် ရပ်တည်နိုင်ရန် ကြိုးပမ်းနေစဉ် ဒူရန်းမျဉ်းနှင့်ပတ်သက်ပြီး ပါကစ္စတန်နှင့်အကြား တအုံနွေးနွေး ပြဿနာ ပြန်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံအကြား နယ်စပ်ကိစ္စရပ်များနှင့်ပတ်သက်ပြီး သံတမန်ရေးအရ ပြေလည်အောင် ဖြေရှင်းမည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှား မာမွတ်ဒ် ကူရီရှီးက ပြောထားသည်။

သို့သော် အာဖဂန်၏ တာလီဘန် ပြန်ကြားရေးဝန်ကြီး ဇာဘီဟူလာ မူဂျာဟစ်က အဆိုပါ ဒူရန်းမျဉ်းသည် နှစ်ဘက်စလုံးရှိ လူမျိုးစုတစ်စုကို တကွဲတပြား ဖြစ်ထားစေခဲ့သည့်အတွက် ယင်းအခြေအနေအပေါ် တာလီဘန်တို့ဘက်က မလိုလားဟု အခိုင်အမာ ပြောထားကြောင်း The Diplomat က ဖော်ပြသည်။

အစောပိုင်းကလည်း နန်ဂါဟာပြည်နယ်နှင့်အကြား ဒူရန်းမျဉ်းနယ်စပ်တွင် သံဆူးကြိုး ခြံစည်းရိုးများနှင့် နယ်စပ်အခြေစိုက်စခန်းများကို ပါကစ္စတန်စစ်တပ်ဘက်မှ ထူထောင်ခြင်း မရှိစေရန် တာလီဘန်တပ်ဖွဲ့က တားဆီးရန် ကြိုးပမ်းထားခဲ့ကြောင်း သိရသည်။

ပါကစ္စတန်သည် ယင်း၏ နယ်စပ်တလျောက် ပက်ရှ်တွန်လူမျိုးစုဝင်များ သွားလာမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် နယ်စပ်တွင် ခြံစည်းရိုးကာရံရန် ဆန္ဒရှိနေသည်။

ပက်ရှ်တွန်မျိုးနွယ်စုဝင်တို့သည် အာဖဂန်-ပါကစ္စတန် နယ်စပ်အကြားနှင့် အာဖဂန်နစ္စတန်တို့တွင် ပြန့်ကျဲရောက်ရှိနေကြသည်။ အာဖဂန်လူဦးရေ၏ ၄၂ ရာခိုင်နှုန်းခန့်သည့် ပက်ရှ်တွန်များဖြစ်သလို ပါကစ္စတန်တွင်လည်း ပက်ရှ်တွန် လူဦးရေသည် နိုင်ငံလူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့် ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly