ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ပျက်စီးနေသော တံတားများကြောင့် ပြည်သူများ အခက်ကြုံနေ

ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ပျက်စီးနေသော တံတားများကြောင့် ပြည်သူများ အခက်ကြုံနေ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဟက်ဗီလီယန်းမြို့၌ အဓိကကျသည့် တံတားတစင်းဖြစ်သည့် အေယွတ်ဘ် တံတား၏ အပိုင်းနေရာတချို့ ထိခိုက်ပျက်စီးနေပြီး လက်ရှိအချိန်အထိ အဝေးပြေးလမ်းမများဆိုင်ရာ အာဏာပိုင်အဖွဲ့ (NHA) က ယင်းကို အလေးထားပြီး ပြုပြင်ပေးခြင်း မရှိသေးသည့်အတွက် ဒေသခံများ အခက်ကြုံနေကြရကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

အဆိုပါ ပျက်စီးနေသော တံတားကို ပြန်လည်ပြုပြင်ပေးရန် ဒေသခံများက အကြိမ်ပေါင်းများစွာ တောင်းဆိုထားသော်လည်း NHA ဘက်က အလေးအနက်ထား ပြုပြင်ပေးခြင်း မရှိသေးပေ။

အဆိုပါ တံတား၏ အနီးအနားရှိ လန်ဂရာ တံတားသည်လည်း ယာဉ်အသွားအလာ များပြားမှုကြောင့် ထိခိုက်ပျက်စီးမှု ကြုံတွေ့နိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

အေယွတ်ဘ် တံတားသည် အက်ဘော့တာဘတ်၊ ဂါလီယက် ၊ ကာဂန် တောင်ကြားနှင့် ဂီဂစ် ဘော်လ်တီစတန်တို့ကို နိုင်ငံ၏ ကျန်နေရာဒေသများနှင့်အကြား ဆက်သွယ်ပေးထားသည့် တံတားတစင်းဖြစ်ပြီး ယင်းကို ၁၉၇၀ ပြည့်နှစ် အစောပိုင်းက ဟက်ဗီလီယန်းမြို့ရှိ ကာရာကိုရမ် အဝေးပြေးလမ်းပေါ်၌ ဒေါ်ရ်မြစ်ကို ဖြတ်ကာ တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လက မိုးကြီးမှုကြောင့် မြစ်ရေကြီးခဲ့ချိန် NHA သည် ယာဉ်သွားလာမှုများကို ယင်းတံတားကနေ လမ်းလွှဲပြီး အနီးအနားရှိ လန်ဂရာတံတားကနေ ဖြတ်ကူးသွားလာစေခဲ့သည်။ လန်ဂရာတံတားသည် တန်ချိန်ပေါ့ပါးသည့် ယာဉ်သွားလာမှုများအတွက်သာလျင် ရည်ရွယ် တည်ဆောက် ထားခဲ့ခြင်း ဖြစ်သည်။

အေယွတ်ဘ် တံတားကို ပိတ်ပြီး အဓိကလမ်းကြောင်းပေါ်ရှိ ယာဉ်သွားလာမှုများကို လန်ဂရာ တံတားသို့ လမ်းလွှဲခဲ့ပြီးနောက် နေ့စဉ် အကြမ်းဖျင်းအားဖြင့် ကားစီးရေ ၅,၀၀၀ ခန့် ယင်းတံတားကနေ ဖြတ်သန်းလျက်ရှိရာ တံတားပေါ်နှင့် အနီးအနားတွင် ပုံမှန်လိုလို ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု ယာဉ်သွားလာမှုဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

“လမ်းကျဉ်းတဲ့ ဟက်ဗီလီယန်း လမ်းဟောင်းကနေပြီးတော့ ကာရာကိုရမ် လမ်းကို ရောက်ဖို့အတွက် ဒီ လန်ဂရာ တံတားကို ဖြတ်ချိန်မှာ ယာဉ်ကြောပိတ်လို့ နေ့တိုင်း နာရီဝက်ကနေ တစ်နာရီလောက်အထိ အချိန်ကုန် နေပါတယ်” ဟု ဟာရီပူရ်နှင့် အက်ဘော့တာဘတ်အကြား နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်နှင့် သွားလာနေရသော အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် အဗ္ဗဒူလ် ကာဒီရာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly