ရန်ကုန် တောင်ဒဂုံမြို့နယ်တွင် ဆိုင်ကယ်စီးလျှင် နိုင်ငံပိုင်သိမ်းမည်ဟုဆိုကာ စတင်ဖမ်းဆီး

By ရိုဇာ
06 February 2022
ရန်ကုန် တောင်ဒဂုံမြို့နယ်တွင် ဆိုင်ကယ်စီးလျှင် နိုင်ငံပိုင်သိမ်းမည်ဟုဆိုကာ စတင်ဖမ်းဆီး

ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်အတွင်း ဆိုင်ကယ်များ စီးနင်းခွင့် မရှိကြောင်းနှင့် တွေ့ရှိပါက နိုင်ငံပိုင် သိမ်းမည်ဟု လိုက်လံ ပြောဆိုပြီးနောက် ယနေ့ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် စတင်ကာ ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

"လွန်ခဲ့တဲ့ နှစ်ရက်လောက်က လိုက်အော်နေတာ ကြားတယ်။ လိုင်စင်ရှိရှိ မရှိရှိ နိုင်ငံပိုင် သိမ်းမယ်ပေါ့၊ အဲ့ဒီလို။ အခုကတော့ မနက်က အမှတ် (၂) လမ်းမနားမှာ ဖမ်းနေကြတယ်'' ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီ ၅ ရက်နေ့ ကလည်း တောင်ဒဂုံ ဂိတ်ဟောင်းမှတ်တိုင်တွင် ဆိုင်ကယ်များ စောင့်ဆိုင်း ဖမ်းဆီးမှု ရှိခဲ့ပြီး ယခင်ကကဲ့သို့ ငွေကြေးဖြင့် ပြန်လည် ရွေးယူ မရကြောင်း ဆိုင်ကယ် အဖမ်းခံရသူ တစ်ဦးက ပြောသည်။

"ရဲ ၊ စစ်သားရော မော်တော်ပီကယ်တွေရောပဲ စောင့်ပြီး ဖမ်းတာ။ မောင်းပြေးရင် ပစ်သတ်မယ့် အနေအထားနဲ့ သေနတ်တွေ ချိန်ထားတာမို့ ဆိုင်ကယ် ပေးလိုက်ရတာ ''ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly