ဟောင်ကောင်နှစ်ခြင်း တက္ကသိုလ်တာဝန်ရှိသူများ၏ ဖိအားကြောင့် စာစောင်ထုတ်ဝေသည့် ကျောင်းသားအဖွဲ့ဝင်များ အုပ်စုလိုက် နုတ်ထွက်

ဟောင်ကောင်နှစ်ခြင်း တက္ကသိုလ်တာဝန်ရှိသူများ၏ ဖိအားကြောင့် စာစောင်ထုတ်ဝေသည့် ကျောင်းသားအဖွဲ့ဝင်များ အုပ်စုလိုက် နုတ်ထွက်

ဟောင်ကောင်နှစ်ခြင်းတက္ကသိုလ် (HKBU) မှ ကျောင်းသားစာစောင်ထုတ်ဝေသူများသည် တက္ကသိုလ်တာဝန်ရှိသူများ၏ ဝင်ရောက်စွက်ဖက်မှုများကြောင့် အုပ်စုလိုက် အဖွဲ့မှ နုတ်ထွက်လိုက်ကြသည်။

စာစောင်ပါအရေးအသားနှင့်ပတ်သက်ပြီး ဖြေရှင်းချက်ပေးရန် HKBU ၏ တောင်းဆိုချက် ကြောင့် ဘုတ်အဖွဲ့မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့လျှင် ကျောင်းသားများ၏ ဘေးကင်းရေးကို အာမခံမည်မဟုတ်ကြောင်း ၎င်းတို့ကို တက္ကသိုလ်က သတိပေးခဲ့သည်ဟု နှုတ်ထွက်ခဲ့သည့် ကျောင်းသားအယ်ဒီတာတစ်ဦး၏ ပြောကြားချက်ကို Hong Kong Free Press ကဖော်ပြသည်။

ကျောင်းသားစာစောင် Jumbo ၏ အယ်ဒီတာအဖွဲ့သည် ၎င်းတို့သက်တမ်းမကုန်ဆုံးမီ ၁ လအလိုတွင် သတင်းခန်းရှိ စီမံခန့်ခွဲသူအားလုံး ရာထူးမှနုတ်ထွက်ကြောင်း ဇန်နဝါရီ ၂၈ ရက်က ကြေညာခဲ့သည်။ ၎င်းတို့၏ သတင်းရေးသားမှုအပေါ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က စွက်ဖက်နှောင့်ယှက်ရန် ကြိုးပမ်းမှုကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း အယ်ဒီတာအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ လက်အောက်ရှိ ကျောင်းသားစာစောင်သည် ကျောင်းသားရေးရာသာမက မြို့၏နိုင်ငံရေးနှင့် ဆန္ဒပြပွဲများကဲ့သို့သော အခြားသတင်းများကိုလည်း ဖော်ပြခဲ့ကြသည်။

ရာထူးမှ နုတ်ထွက်ကြောင်း ကြေငြာချက်တွင် အယ်ဒီတာအဖွဲ့မှ ဇန်နဝါရီ လဆန်းပိုင်းက ကျောင်းဝင်းအတွင်း အလံတင်ခြင်းအခမ်းအနားအကြောင်း ရေးသားမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းချက်ပေးရန် တက္ကသိုလ်က တောင်းဆိုခဲ့သည်ဟု အယ်ဒီတာအဖွဲ့က ပြောသည်။ ကိုဗစ်-၁၉ကို ညွှန်းဆိုသော "ဝူဟန်ဗိုင်းရပ်စ်" ဟူသောအသုံးအနှုန်းအပါအဝင် အချို့သောဝေါဟာရများနှင့် ပတ်သက်၍ အယ်ဒီတာချုပ်ဟောင်းကို တက္ကသိုလ်တာဝန်ရှိသူများက ဝေဖန်ခဲ့သည်။ အဆိုပါစကားလုံးကို အသုံးပြုခြင်းအား ရပ်တန့်ရန် ဟောင်ကောင်နှစ်ခြင်းတက္ကသိုလ်တာဝန်ရှိသူများက တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်အစိုးရ၏ အမျိုးသားလုံခြုံရေးဥပဒေကြောင့် ဟောင်ကောင်တွင် တရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုများ မြင့်တက်လာပြီးနောက် ကျောင်းသားဆန္ဒပြမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဟောင်ကောင်တွင် ပြီးခဲ့သည့်နှစ် ဇူလိုင် ၁ ရက်က စတင်အသက်ဝင်ခဲ့သည့် တရုတ်အစိုးရ၏ အမျိုးသားလုံခြုံရေးဥပဒေသည် ခွဲထွက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုအတွက် ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်မည်ဟု မျှော်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly