ဆွမ်ပီယန်ရွာကို စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
05 February 2022
ဆွမ်ပီယန်ရွာကို စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ် နှစ် စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ မီလောင်ခဲ့ကာ ရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း ဒေသခံ များက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ ဆွမ်ပီယန်တပ်စခန်းကုန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းခဲ့သည်။

ထို့နောက် နှစ်ရက်အကြာ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်တွင် ထိုဆွမ်ပီယန်ကျေး ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးလာကြဲခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“လေယာဉ်ပေါ်ကနေ ဗုံးကို ၁၀ ချက်လောက်ရှိတယ် ပစ်တာ။ သေနတ်နဲ့လည်း ပစ်တာ။ အိမ်တွေရော အိမ်ခေါင် မိုးတွေရော အများကြီးထိမှန်သွားတယ်။ KIA နဲ့ PDF ကို ပစ်တာကို ရွာကလူတွေက ဘာမှမပြောလိုဘူး။ အခုက KIA နဲ့ PDF လုံးဝမရှိတဲ့ ရွာအလယ်တည့်တည့်ကို ရည်ရွယ်ချက်ရှိရှိ ပစ်တာဟုတ်တယ်။ ရွာကလူတွေလည်း တော်တော်ဒုက္ခရောက်သွားတာ။ တစ်ယောက်တစ်ပေါက်ပဲ ခြေဦးတည့်ရာကို ရွာသားတွေ အားလုံး ထွက်ပြေး ကြရတာ” ဟုပြောသည်။

ဆွမ်ပီယန်ကျေးရွာအတွင်း အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦး တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြစ်ကြီးနားဆေးရုံတို့ ပို့ဆောင်ဆေးကုသနေရသည်ဟု သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာနှင့် နန့်တိန်းကျေးရွာကြားတွင် ကချင်လွတ်လပ် ရေး တပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင် စီဘက် လေကြောင်းကနေလည်း ပစ်ခတ်ခဲ့သည်။

ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်အဖွဲ့က KIA နှင့် PDFအဖွဲ့များက ကျန်ရှိနေသည့် စခန်းများကို ဆက်လက်တိုက်ခိုက် ရန် ကြိုးပမ်းလျှက်ရှိပြီး ကာကွယ်ခုခံတိုက်ခိုက်မှုများ မလွှဲမသွေရှိလာမည်ဖြစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက် ဆုံးရှုံးမှုများ ရှိလာမည်ဖြစ်ကြောင်းကို မိဘပြည်သူများကြိုတင်သိရှိနိုင်စေရန် ဖေဖော်ဝါရီလ ၃ ရက်နေ့ ရက်စွဲ ဖြင့် သတင်းထုတ်ပြန်ချက် တစ်စောင်ကိုလည်း ထုတ်ပြန်ထားသည်။

ဆွမ်ပီယန်ကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၃၀၇ ဦးရှိပြီး ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာအိုမြို့ ကြား တွင်ရှိကာ တောင်ယာစိုက်ပျိုးခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသည့် ကျေးရွာတစ်ရွာ ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required