ဖေဖော်ဝါရီ ၅
ထားဝယ်မြို့တွင် အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦးတို့ကို စစ်ကောင်စီက မတရား ပုဒ်မများဖြင့် စွပ်စွဲပြီး ထားဝယ် အကျဉ်းထောင်တွင်း တရားရုံးက အလုပ်နှင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ထားဝယ် နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် DPPN က ထုတ်ပြန်သည်။
ထောင်ဒဏ် ချမှတ်ခံရသည့် အမျိုးသမီး သုံးဦးသည် ထားဝယ်မြို့နယ် ကြက်စားပြင် ရပ်ကွက်နှင့် ဘုမ္မော် ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်အေးအေးခိုင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြမြလွင်တို့ ဖြစ်ပြီး PDF များအား ထောက်ပံ့ သည်ဟု စွပ်စွဲကာ ပုဒ်မ ၅၀၅(က) နှင့် ၅၂ (ဂ) ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆို ခံရပြီးနောက် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထောင်တွင်း တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ကိုးနှစ်စီ အမိန့်ချခဲ့ကြောင်း DPPN က ထုတ်ပြန်သည်။
၎င်းတို့ သုံးဦးကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နှင့် ၂၂ ရက်နေ့တွင် နေအိမ် အသီးသီး၌ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူ ကိုစိုင်းမင်းသူ (ခ) ကိုဖွိုင်ဝမ်းကို ထားဝယ် အကျဉ်းထောင်တွင်း တရားရုံးက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၅၂ (က) ပုဒ်မ လေးခုအတွက် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။
အသက် (၄၁) နှစ် အရွယ်ရှိ ကိုစိုင်းမင်းသူကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၄ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ကနန်းတောင်ပေါ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း DPPN က ထုတ်ပြန်ထားသည်။