ပုလောမြို့နယ်တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ဦး သေဟု ဒေသကာကွယ်ရေးတပ် ထုတ်ပြန်

By ကိုရွှေမြိတ်
04 February 2022
ပုလောမြို့နယ်တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ဦး သေဟု ဒေသကာကွယ်ရေးတပ် ထုတ်ပြန်

ဖေဖော်ဝါရီ ၄

မြိတ်ခရိုင် ၊ ပုလောမြို့နယ်ရှိ KNU ထိန်းချုပ် နယ်မြေ ဆားခဲကျေးရွာ ဝန်းကျင်၌ ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက်ခင်းတွင် စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာ ရသွားကြောင်း ပြည်သူ့ ကာကွယ်ရေးတပ် (ပုလော)( Palaw People's Defence Force) အဖွဲ့က ထုတ်ပြန်သည်။

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များနှင့် စစ်တပ်တို့ကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး PDF ဘက်မှလည်း ရဲဘော် တစ်ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

"စစ်ကောင်စီ အဖွဲ့က ခြောက်ဦး သေတယ်။ ရှစ်ဦးလောက်က ပြင်းထန် ဒဏ်ရာ ရခဲ့တယ်လို့ သိရတဲ့ အပြင် သူတို့ဘက်က ကျည်၊ ကျည်ကာ အင်္ကျီ၊ လက်ပစ်ဗုံး တချို့နဲ့ အသုံးဆောင် ပစ္စည်းတွေကို သိမ်းဆည်း ရရှိခဲ့တယ်"ဟု ပုလောမြို့ အခြေစိုက် PDF အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ပွဲချိန် တစ်နာရီကျော် ကြာပြီး စစ်တပ်ဘက်က ထိခိုက်မှု များခြင်းကြောင့် ပြန်ဆုတ်ခွာသွားသည်ဟု ဆိုသည်။

ပုလောမြို့နယ်သည် စစ်ကောင်စီအဖွဲ့နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တို့ အကြား မကြာခဏ တိုက်ပွဲ ဖြစ်နေသည့် ဒေသ တစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required