အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ဆွေးနွေး
Photo - AFP

ဖေဖေါ်ဝါရီ ၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ဖေဖေါ်ဝါရီ ၃ ရက်က မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး ကြိုးပမ်းလှုပ်ရှားသူများနှင့် အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် တစ်နှစ်အကြာက အာဏာသိမ်းပြီးနောက် မြန်မာအာဏာသိမ်းစစ်တပ် ကျူးလွန်သော လူမဆန် ရက်စက်သည့် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရစဉ် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းအားထုတ်မှုများကို နားထောင်ရန် ဘလင်ကန်က မြန်မာမှ ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆွေးနွေးမှုအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကို ကာကွယ်ရန်၊ လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးအပ်ရန်၊ အားလုံးပါဝင်ကိုယ်စားပြုသည့် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုတစ်ရပ်ကို ထောက်ကူရန်အတွက် မြန်မာပြည်သူများနှင့်အကြား ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်ရောက်စေရန်၊ မတရား ဖမ်းဆီးခံထားရသူအားလုံး ပြန်လည်လွတ်မြောက်စေရန်၊ အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ အဆုံးသတ်စေရန်အတွက် စစ်အုပ်စုအပေါ် ဖိအားပေးရန် ရည်ရွယ်သည့် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခြင်း အပါအဝင် မြန်မာ့အကျပ်အတည်း ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်အစိုးရက လုပ်ဆောင်လျက် ရှိသည့် သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ဘလင်ကန်က ရှင်းပြခဲ့သည်ဟု သိရသည်။

မြန်မာအာဏာသိမ်းစစ်တပ်၏ ရက်စက်ယုတ်မာမှုများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သိရှိဂရုပြုခဲ့ပြီး တာဝန်ရှိသူများ တာဝန်ခံရစေရေး လုပ်ဆောင်ရန် အရေးတကြီး လိုအပ်ကြောင်း ၎င်းက အလေးပေး ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required