“ ဧရာဝတီနဲ့လမ်းခွဲပြီး နှစ်နာရီအတွင်း ရန်ကုန်သို့ရောက်ခဲ့တာ ပုံပြင်ဆန်လွန်းတယ် ”

“ ဧရာဝတီနဲ့လမ်းခွဲပြီး နှစ်နာရီအတွင်း ရန်ကုန်သို့ရောက်ခဲ့တာ ပုံပြင်ဆန်လွန်းတယ် ”

ရန်ကုန်ယူနိုက်တက်နည်းပြသစ် မာယန်နှင့်တွေ့ဆုံမေးမြန်းခြင်း

မက်ဆီဒိုးနီးယားလူမျိုးနည်းပြ မာယန်ဟာ ဧရာဝတီအသင်းနဲ့စာချုပ်ဖျက်သိမ်းပြီး နှစ်နာရီအတွင်း လက်ရှိချန်ပီယံရန်ကုန်အသင်းကို ပြောင်းရွေ့ဖို့ အခွင့်အရေးရခဲ့ပါတယ်။ ရန်ကုန်အသင်းကတော့ ရလဒ်ပိုင်းကျေနပ်မှုမရှိတဲ့အတွက် လမ်းခွဲခဲ့တဲ့ နည်းပြ အီမာဆင်နေရာကို မာယန်နဲ့ အစားထိုးဖို့ ချက်ချင်းစီစဉ်ခဲ့တာပါ။ ဒီသတင်းက ဒီရက်ပိုင်း မြန်မာ့ဘောလုံးလောကမှာ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သတင်းတစ်ပုဒ်ပါ။ ဒါကြောင့် ပူပူနွေးနွေး ရန်ကုန်နည်းပြဖြစ်လာတဲ့ မာယန်ကို မဇ္ဈိမ က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး - မင်္ဂလာပါ မစ္စတာမာယန်ရေ။ ဧရာဝတီအသင်းကနေ ချက်ချင်းရန်ကုန်အသင်းကို ပြောင်းဖို့ ဖြစ်လာပုံကို အရင်ပြောပေးပါ။

ဖြေ - ကျွန်တော့်ဇာတ်လမ်းကတော့ တကယ့်ကို ပုံပြင်တစ်ပုဒ်လိုပဲ။ ၂ နာရီမှာ ဧရာဝတီနဲ့ စာချုပ်ဖျက်သိမ်းလိုက်တယ်။ ညနေ ၄ နာရီလောက်မှာ ရန်ကုန်အသင်းဆီက ကမ်းလှမ်းတဲ့ ဖုန်းဝင်လာတယ်။ အဲဒီ့အချိန်မှာ ရန်ကုန်အသင်းနဲ့ ညှိနှိုင်းပြီး မနက်ကျတော့ တရားဝင်စာချုပ်ချုပ်ဖြစ်ခဲ့တာပါ။

မေး - ဧရာဝတီနဲ့ ရန်ကုန်ဆိုတာက မြန်မာနေရှင်နယ်လိဂ်မှာ ပြိုင်ဘက်တွေလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ရန်ကုန်ကို ပြောင်းဖို့ ခင်ဗျားဘယ်လောက်စဉ်းစားလိုက်ရလဲ။

ဖြေ - သိပ်မစဉ်းစားဖြစ်ပါဘူး။ ကျွန်တော့်အတွက် ဖိအားလည်းမရှိပါဘူး။ ဒါက ပရော်ဖက်ရှင်နယ်အလုပ်ပါ။ ကျွန်တော် ဘယ်အသင်းပဲပြောင်းပြောင်း ဘယ်လိုဖိအားမျိုးမှ မရှိနိုင်ပါဘူး။

မေး - ဧရာဝတီအသင်းအနေနဲ့ ခြောက်လစာလျော်ကြေးပေးထားတဲ့အတွက် ရန်ကုန်အသင်းကို ပြောင်းရွေ့တဲ့အပေါ် ဘောလုံးအဖွဲ့ချုပ်ကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ ဘယ်လိုများ ပြန်ဖြေရှင်းမလဲ ပြောပေးပါဦး။

ဖြေ - ကျွန်တော်တို့ စာချုပ်မှာ အဲဒီ့လို အချက်အလက် မပါပါဘူး။ စာချုပ်ပါ အချက်အလက်ကို ရှင်းရှင်းလင်းလင်း ကြည့်ချင်တယ်ဆိုလည်း ဘောလုံးအဖွဲ့ချုပ်မှာ သွားကြည့်လို့ရပါတယ်။

မေး - ဒီလာမယ့် ချောင်ဘူရီနဲ့ AFC ချန်ပီယံလိဂ်ခြေစစ်ပွဲအပါအဝင် ဟံသာဝတီ၊ ဧရာဝတီ၊ ရှမ်းယူနိုက်တက် စတဲ့ ပွဲကြပ်ကာလတွေကို ဘယ်လိုဖြတ်သန်းဖို့ ပြင်ဆင်ထားလဲ။

ဖြေ - ပွဲတစ်ပွဲချင်းစီကိုပဲ ချဉ်းကပ်ပြင်ဆင်ဖို့ ရည်ရွယ်ထားပါတယ်။ အနီးစပ်ဆုံး ဟံသာဝတီနဲ့ ပွဲအတွက်ပဲ လောလောဆယ် ပြင်ဆင်နေပါတယ်။ နောက်ပွဲတွေကို ကြိုစဉ်းစားထားတာမျိုး မရှိသေးပါဘူး။

မေး - လက်ရှိ အသင်းမှာ ဒဏ်ရာရကစားသမားတွေ များနေတဲ့အတွက် ပြိုင်ပွဲတွေမှာ အခက်အခဲရှိနိုင်မလား။

ဖြေ - ဒဏ်ရာရကစားသမားများနေတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ပြဿနာကြီးကြီးမားမား မရှိပါဘူး။ အခုလည်း ဒဏ်ရာရကစားသမားတွေရဲ့ အနေအထားကို စောင့်ကြည့်နေပါတယ်။ တကယ်လို့ ပွဲမကစားနိုင်ဘူးဆိုရင်လည်း အခြားလူငယ်ကစားသမားတွေကို နေရာပေးသွားမှာပါ။ ဘောလုံးမှာတော့ ဒီလိုကိစ္စတွေက အသင်းတိုင်း ကြုံနေရတာပါပဲ။

မေး - ရန်ကုန်အသင်းက မနှစ်က လက်ရှိချန်ပီယံဖြစ်တဲ့အတွက် ချန်ပီယံဘွဲ့ကာကွယ်နိုင်မယ်လို့ ခင်ဗျားယုံကြည်လား။

ဖြေ - ကျွန်တော့်အနေနဲ့ကတော့ ရန်ကုန်ချန်ပီယံဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ရန်ကုန်အသင်းက ဘယ်လိုပန်းတိုင်တွေ ထားထားလဲ ဆိုတာလည်း ကျွန်တော်သိပါတယ်။ အသင်းကို အကောင်းဆုံးရလဒ်တွေဖြစ်အောင် စွမ်းဆောင်ပေးသွားမှာပါ။ ရန်ကုန်လိုအသင်းမှာ ပရော်ဖက်ရှင်နယ်နည်းပြတစ်ဦးအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။

မေး - နောက်ဆုံးအနေနဲ့ ရန်ကုန်အသင်းပရိသတ်တွေ ဘာများပြောချင်ဦးမလဲ။

ဖြေ - ရန်ကုန်အသင်းကို လာအားပေးပါ။ ရန်ကုန်အသင်း ပရိသတ်တွေအတွက် အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးသွားမှာပါ။ အသင်းနိုင်ပွဲရရင် ပရိသတ်တွေအနေနဲ့လည်း အတူတကွ အောင်ပွဲခံလို့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly