တရုတ်မှ တင်သွင်းသည့်အပေါ် အခွန်ကင်းလွတ်ခွင့်ကြောင့် ပါကစ္စတန်ရေနံကုမ္ပဏီများ အကျိုးအမြတ်များစွာ ရရှိ

တရုတ်မှ တင်သွင်းသည့်အပေါ် အခွန်ကင်းလွတ်ခွင့်ကြောင့် ပါကစ္စတန်ရေနံကုမ္ပဏီများ အကျိုးအမြတ်များစွာ ရရှိ

ပါကစ္စတန်၏ ရေနံ ရောင်းဝယ်ရေးကုမ္ပဏီ ၁၅ ခုသည် ပြီးခဲ့သည့် ၂နှစ်တာအတွင်း တရုတ်နိုင်ငံမှ ဓာတ်ဆီ လီတာပေါင်း ၂ ဒသမ ၄ ဘီလီယံကျော် တင်သွင်းခဲ့ရာတွင် အကောက်အခွန် ကင်းလွတ်ခွင့်ကြောင့် အကျိုးအမြတ် များစွာ ဖြစ်ထွန်းခဲ့သည်။

အဆိုပါ ရေနံကုမ္ပဏီများသည် တရုတ်-ပါကစ္စတန် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (CPFTA) ၏ အောက်တွင် ရူပီး ၂၀ ဘီလီယံကျော်အထိ အမြတ်အစွန်းရရှိခဲ့ကြခြင်းဖြစ်သည်။

ရေနံကုမ္ပဏီများသည် ၂၀၂၀ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၂ ဇန်နဝါရီ ၁ ရက်အကြား ကာလအတွင်း တရုတ်နိုင်ငံမှ ဓာတ်ဆီ (မော်တော်ယာဉ်သုံး ဓာတ်ဆီ) လီတာပေါင်း ၂ ဒသမ ၄၁၆ ဘီလီယံခန့်အထိ တင်သွင်းထားခဲ့ကြောင်း ရေနံကုမ္ပဏီများ အကြံပေးကောင်စီ (OCAC) ကနေတဆင့် စွမ်းအင်ဝန်ကြီးဌာန (ရေနံ ဌာနခွဲ) ထံ တင်ပြခဲ့ကြ သည်။

၎င်းတို့သည် အခြားသော ကမ္ဘာ့ကျန်ဒေသများမှ အလားတူ သွင်းကုန်များနှင့်မတူဘဲ CPFTA အောက်တွင် အထက်ပါ သွင်းကုန်များအတွက် ၁၀ ရာခိုင်နှုန်း အကောက်ခွန်များကို မပေးဆောင်ခဲ့ရပေ။

တရုတ်နိုင်ငံမှ ဓာတ်ဆီ တင်သွင်းမှုဆိုင်ရာ အထောက်အထား အခြေခံ ဒေတာအချက်အလက်များ ပေးအပ်တင်ပြရန် ဇန်နဝါရီ ၁၄ ရက်တွင် ရေနံဌာနခွဲက ရေနံကုမ္ပဏီများကို ညွှန်ကြားခဲ့သည်။

ယင်းနောက်တွင် ရေနံကုမ္ပဏီများကလည်း ကုန်တင်သင်္ဘော အမည်များ၊ ထုတ်ကုန်တင်သည့် မူလဆိပ်ကမ်း၊ ထုတ်ကုန် အရည်အသွေး၊ ကုန်စည်ချသည့် ဆိပ်ကမ်းနှင့် ပေးဆောင်ခဲ့သည့် အခွန်အကောက်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို တင်ပြခဲ့ကြသည်။

အဆိုပါ ပါကစ္စတန် ရေနံကုမ္ပဏီများသည် ကြီးမားသည့် အကျိုးအမြတ်များ ရခဲ့သော်လည်း အဆိုပါ သွင်းကုန်များ တင်သွင်းမှုပိုင်းတွင် ဥပဒေချိုးဖောက်ထားခဲ့ခြင်း မရှိကြောင်း အစိုးရအရာရှိတစ်ဦးက ပြောသည်။

“တရုတ်ကနေ ဒီနှုန်းထားသက်သာတဲ့ အကောက်ခွန်မဲ့ သွင်းကုန်တွေကြောင့် ပြည်တွင်းသုံးစွဲသူတွေအပေါ် ထိခိုက်မှုဖြစ်စေတာ ဒါမှမဟုတ် ဝင်ငွေဆုံးရှုံးနစ်နာစေတာမျိုး ရှိတယ်ဆိုရင်လည်း ဒါက အစိုးရ မူဝါဒ/ဥပဒေပိုင်းမှာ ဟာကွက် ရှိတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ကုမ္ပဏီတွေဘက်က အမှားလုပ်ထားတာကြောင့် မဟုတ်ပါဘူး” ဟု ရေနံလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly