တာချီလိတ်တွင် ပြင်းအား ရစ်ချ်တာစကေး ၄.၀ ရှိ ငလျှင်တစ်ခုလှုပ်

တာချီလိတ်တွင် ပြင်းအား ရစ်ချ်တာစကေး ၄.၀ ရှိ ငလျှင်တစ်ခုလှုပ်

ရန်ကုန်၊ဇန်နဝါရီ ၁၄ ။            ။ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့အနီး၌ ဇန်နဝါရီ  ၁၄ ရက်နေ့ နံနက်၈နာရီ ၆ မိနစ်ခန့်က ပြင်းအား ရစ်ချ်တာစကေး ၄.၀ ရှိ ငလျှင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှသိရသည်။

ရှမ်းပြည်နယ်ကျိုင်းတုံမြို့ အရှေ့ဘက် ၆၅ မိုင်ခန့် တာချီလိတ်မြို့ အရှေ့မြောက်ဘက် ၇၅ မိုင်ခန့် မြေအောက်အနက် ၁ဝ ကီလိုမီတာတွင် ပြင်းအား ရစ်ချ်တာစကေး 4.0 ရှိသည့် င လျင်ငယ်တစ်ခု လှုပ်သွားကြောင်း ထိုင်းမိုးလေဝသဌာန(TMD) မှ ဖေါ်ပြခဲ့ပြီး ယင်းသတင်းနှင့် ပတ်သက်၍ မြန်မာ နိုင်ငံမြေငလျှင်ကော်မတီ အတွင်းရေးမှူးဒေါက်တာမျိုးသန့် က အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဟိုတစ်ခါ တာလေငလျင်လှုပ်သွားတဲ့ နန်းမပြတ်ရွေ့ရဲ့ မြောက်ဘက် မန်စီပြတ်ရွေ့ကနေလှုပ်သွားတာပါ။ တာချီလိတ်ရဲ့ အရှေ့မြောက်ဘက်ကိုဗဟိုပြုလုပ်သွားတာပေါ့။ဒီမန်စီပြတ်ရွေ့က အရှေ့မြောက်ကနေ အနောက်တောင်ကို သွယ်တန်းနေတဲ့ ဘေးတိုက်ပြတ်ရွေ့ဖြစ်ပါတယ်။ ပြင်းအားက ၄.၀ ဖြစ်တဲ့အတွက် အပျက်စီးအဆုံးရှုံးတော့ သိပ်မရှိနိုင်ပါဘူး"ဟု   ဒေါက်တာမျိုးသန့်က   ပြောသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေအား ဆက်သွယ်မြေးမြန်း ရာ တွင် "ကျွန်တော့ဆီတော့ ဘာမတက်မလာဘူး။ သိတောင်မသိလိုက်ဘူးဗျ။ အရေးကြီးသတင်းဆိုရင်တော့ ကျွန် တော့ ဆီတက်လာမှာပါ"ဟု ပြောသည်။

ထိုင်းနိုင်ငံ ငလျင်ထုတ်ပြန်မှု စစ်တမ်းအရ ၂၀၁၆ ဇန်နဝါရီလ အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ပြင်းအား (၂.၆)နှင့် (၄.ဝ) ရစ်ချက်စ်တာစကေး အကြား ငလျင်ငယ်ပေါင်း(၁၁) ကြိမ် ခန့်လှုပ်ခတ် ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ ညပိုင်းကလည်း ရန်ကုန်မြို့၊ တောင်ဘက် လက်ခုတ်ကုန်းကမ်းခြေတဝိုက် ဗဟိုပြု၍ ပြင်းအာ ရစ်ချ်တာစကေး ၄.၈ ရှိ ငလျင်ငယ် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်များအဖြစ် ဇန်နဝါရီ ၁၂ရက်နေ့ ည ၉နာရီ ၄၇မိနစ် တွင် ပမာဏ ၄.၀ ၊ဇန်နဝါရီ ၁၃ရက် နံနက် ၀၀နာရီ ၂၇မိနစ်တွင် ပမာဏ ၃.၆ နှင့် နံနက် ၁နာရီ ၄၁ မိနစ် တွင် ပမာဏ ၂.၈ စသည်ဖြင့် ၃ ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီက သိရသည်။

ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်ရှိ အင်ဖာမြို့အနီးဗဟိုပြု၍ မြန်မာစံတော်ချိန် ၅ နာရီ ၃၅ မိနစ်ခန့်က ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ၂၀၁၆ တွင် မြန်မာနိုင်ငံအတွင်း ငလျင်လှုပ်ခတ်သည် မှာ(၆) ကြိမ်ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly