ပုလဲမြို့နယ် မွေ့တုံရွာနှင့် ပန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု ဒေသခံ ၁ ဦး ပြောကြား

ပုလဲမြို့နယ် မွေ့တုံရွာနှင့် ပန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု ဒေသခံ ၁ ဦး ပြောကြား

ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မွေ့တုံရွာနှင့် ပန်းရွာအား စစ်ကောင်စီက ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ကျွဲ၊ နွားနှင့် ဝက်များကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

"မွေ့တုံရွာကို အရင်ဝင်ရှို့တာ၊ ပန်းရွာကို ည ၁ နာရီလောက်မှာ ထပ်ဝင်ရှို့တယ်၊ ကျွန်တော်တို့က တောင်ဘက်ကုန်းကနေ ကြည့်နေတာ မွေ့တုံရွာကိုရှို့တော့၊ ညလည်းကျရော ကျွန်တော်တို့ ရွာကို ဝင်ရှို့တာ၊ သေနတ်တွေဖောက်ပြီး ဝင်လာတာ၊ ကျွန်တော်တို့ ရွာလေးက ဆင်းရဲပါတယ်ဗျာ၊ လက်လုပ်လက်စားတွေပဲ ရှိတာ၊ သွပ်မိုးထားတဲ့ အိမ်ဆိုတာ လက်ချိုးရေလို့ရတယ်၊ အကုန်လုံးက တဲသာသာလေးတွေပါ၊ အဲဒါကို လူမဆန်ဘူး လုပ်သွားကြတာ၊ PDF လည်း မရှိဘူး ရွာမှာ၊ ပြီးတော့ ဝက်လေးမွေးပြီးလုပ်စားရတာကို ဝက်တွေကိုပါ မီးရှို့သတ်သွားကြတယ်" ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် မွေ့တုံရွာရှိ ဘုန်းကြီးကျောင်းမှ ပရိဘောဂ ပစ္စည်းများအား ဖျက်ဆီးပြီး အလှူငွေ သိန်း ၂၀ ခန့်အား လုယူသွားကာ နှစ်ရွာပေါင်း ဝက်အကောင် ၇၀ ခန့်နှင့် နွား နှစ်ကောင်ကိုလည်း သတ်ဖြတ်သွားကြောင်း ဆိုသည်။

"ကျွန်တော့် ရွာကို မီးရှို့တာလည်း မြင်ရော ကျွန်တော်ငိုပြီး ပြေးတာပေါ့၊ မနက်လင်း သူတို့ပြန်သွားပြီလည်း ဆိုရော ဆိုင်ကယ်နဲ့ ရွာကိုသွားကြည့်တော့ ဝက်တွေလည်း အတုံးအရုံး သေနေတယ်၊ ကျွန်တော့် နှမဝမ်းကွဲတွေ အိမ်ရော၊ အမေကြီး အိမ်တွေရော အကုန်လုံး လောင်နေတာ၊ လူလူချင်း လူသားချင်း စာနာမှုမရှိဘူးလို့ဘဲ ထင်တယ် ၊သူတို့ PDF တွေကို တိုက်ချင်ရင် ရွာနဲ့ဝေးတဲ့ နေရာမှာ တိုက်လို့ရပါတယ်ဗျာ၊ အခုက ပြည်သူတွေနေတဲ့ ရွာကို မီးရှို့ရတယ်လို့၊ ကျွန်တော်တို့ ရွာလေးက ဆင်းရဲပါတယ်၊ အခုလို ဖြစ်သွားတော့ ကူညီနိုင်မယ့်လူ ရှိရင်လည်း ကူညီပေးကြပါဗျာ၊ ကျွန်တော် လက်အုပ်ချီပြီး တောင်းပန်ပါတယ်" ဟု ၎င်းက ငိုကြွေးရင်း ပြောသည်။

မွေ့တုံရွာတွင် အိမ်ခြေ ၂၅၆ အိမ်ရှိသည့် အနက် အိမ်ခြေ ၂၂၅ အိမ် မီးလောင်ကျွမ်းသွားပြီး စစ်ဘေးရှောင် နေရသူ ၁၀၀၀ ခန့်ရှိကြောင်း သိရသည်။

ပန်းရွာတွင် အိမ်ခြေစုစုပေါင်း ၈၂၀ ခန့်ရှိပြီး မီးလောင်ကျွမ်းခဲ့သောအိမ် ၁၆၉ လုံးရှိပြီး စုစုပေါင်း လူဦးရေ ၅၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

အဆိုပါ နှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ဘေးရှောင် စုစုပေါင်း ၇၀၀၀ ခန့်ရှိကြောင်း သိရပြီး ယင်း နှစ်ရွာ ပြန်လည် ထူထောင်ရေးအတွက် အလှူရှင်များ အထူး လိုအပ်နေကြောင်း ၎င်းဒေသခံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly