ဆိုက်ဘာတိုက်ခိုက်မှုကြောင့် စီရင်ချက်ကို ပြောင်းလဲမည်မဟုတ်ဟု ထိုင်းရုံးတော် ပြော

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် စီရင်ချက်ကို ပြောင်းလဲမည်မဟုတ်ဟု ထိုင်းရုံးတော် ပြော

ဘန်ကောက်၊ ဇန်နဝါရီ-၁၄ ။          ။ ဗုဒ္ဓဟူးနေ့က ထိုင်းတရားရုံး ဝဘ်ဆိုက်များကို အင်တာနတ်ချိတ်ဆက် ပြတ်တောက် (offline)သွားစေခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုများက ခိုတောင်လူသတ်မှု တွင် ပြစ်ဒဏ်စီရင်ချက်ကို ပြောင်းလဲအောင် ဖိအားပေးနိုင်လိမ့်မည်မဟုတ်ကြောင်း ထိုင်းတရားရေးဌာန (Court of Justice-CoJ)က အခိုင်အမာပြောကြားခဲ့သည်။

တိုက်ခိုက်သူများ၏ ပြောဆိုချက်များနှင့် ၎င်းတို့ အင်တာနတ်တွင် လွှင့်တင်သည့် မှတ်တမ်းများအရ တိုက်ခိုက်သူများ ဝန်ထမ်းစာရင်းများအပါအဝင် များပြားလှသည့် တရားရေးမှတ်တမ်းများကို ဆိုက်ဘာနည်းဖြင့် ခိုးယူသွားခဲ့ကြသည်ဟု ဆိုသည်။

‘ကျနော်တို့ရဲ့ မစ်ရှင်က ထိုင်းရုံးတော်ဝဘ်ဆိုက်တွေကို ဖျက်စီးဖို့ သက်သက်တင်မဟုတ်ပါဘူး။ သူတို့ရဲ့ တရားရေးကွန်ရက်ကို ဝင်စီးပြီး အချက်အလက်တွေကို ရယူဖို့ပါ’ဟု တိုက်ခိုက်သူများက ၎င်းတို့၏ တွစ်တာပို့စ်တွင် ရေးသားခဲ့သည်။

Anonymous က လွှင့်တင်လာသည့် ဖိုင်များူကို Bangkok Postက စစ်ဆေးကြည့်ရာတွင် ၎င်းတို့ပြောသည့်အတိုင်း တရားရေးဌာနမှ ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

၁.၁ ဂစ်ဂါဘိုက်ရှိသည့် SQL ဒေတာဘေ့စ်ဖိုင်တွင် အမည်၊ မှတ်ပုံတင်နံပါတ်၊ ဓာတ်ပုံ၊ အီးမေးလိပ်စာနှင့် ကိုယ်ရေးကိုယ်တာ ဖုန်းနံပါတ် ထောင်ပေါင်းများစွာ ပါဝင်နေသည်။

ရုံးတော်ဝန်ထမ်းများ၏ စာရင်းအနေဖြင့် တွေ့ရှိရသည့် ရာပေါင်းများစွာသော မှတ်တမ်းများထဲတွင် ဝန်ထမ်းတစ်ယောက်စီက MIS ဟုခေါ်သည့် တရားရေးဌာန၏ ရုံးတွင်းအင်တာနတ်နှင့် ချိတ်ဆက်ရာတွင် အသုံးပြုသည့် log-in နာမည်နှင့် စကားဝှက်များလည်း ပါဝင်နေသည်ဟု ဆိုသည်။

ရုံးတော်က ထိုင်း ကွန်ပျူတာ အရေးပေါ်တုန့်ပြန်မှုအဖွဲ့ (ThaiCERT)သို့ ဆက်သွယ်စစ်ဆေးခိုင်းသည့်အခါတွင် တိုက်ခိုက်မှုနှင့် ဆက်နွယ်နေသည့် အိုင်ပီလိပ်စာ ၁၀ခုကို တွေ့ရှိရသည်ဟု ဆိုသည်။ ရုံးတော်စနစ်နှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာပေါင်း ၆၇၂၆လုံးမှာ ယခုထက်တိုင် Windows XP လုပ်ငန်းစနစ်များကို အသုံးပြုနေကြဆဲဖြစ်သည်ဟု ဆိုသည်။

ဤတိုက်ခိုက်မှုမှာ ကွန်ပျူတာရာဇဝတ်မှုအက်ဥပဒေကို ချိုးဖောက်သောကြောင့် ရုံးတော်က ဥပဒေအရ အရေးယူလိမ့်မည်ဟု CoJ ပြောခွင့်ရပုဂ္ဂိုလ် ဆူအက်ပေါင်း ဆရီပေါင်ကယ်က ပြောကြားခဲ့သည်။

‘CoJအနေနဲ့ ပြောချင်တာက ရုံးတော်က ဥပဒေအရ စီရင်ချက်ချခဲ့တာဖြစ်လို့ ဒီတိုက်ခိုက်မှုကြောင့် ခိုတောင်အမှုမှာ စီရင်ချက်ကို ပြောင်းလဲသွားစရာ မရှိပါဘူး’ဟု ၎င်းကပြောကြားပြီး ပြစ်ဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ယောက်အနေဖြင့် စီရင်ချက်ကို အယူခံဝင်နိုင်သည့် အခွင့်အရေးရှိနေသေးသည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

သေဒဏ်စီရင်ချက်ကို လက်တုံ့ပြန်သည့်အနေဖြင့် Anonymousနှင့် အပေါင်းအပါများဖြစ်သည်ဟု ပြောနေသည့် ကိုယ့်နည်းကိုယ့်ဟန် ဟက်ကာများက စုပေါင်းကာ ထိုင်း တရားရုံးနှင့် အစိုးရဝဘ်ဆိုက် ၃၀၀နီးပါးကို ချိတ်ဆက်ပြတ်တောက် (offline)သွားအောင် တိုက်ခိုက်ပြီးနောက်တွင် ထိုင်းတရားရေးဌာနက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လာခြင်းပင်ဖြစ်သည်။

Anonymous အုပ်စုနှင့် ချိတ်ဆက်ထားသည်ဟု ယူဆရသည့် ဖေ့စ်ဘုတ်ပို့စ်တစ်ခုက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားလာခဲ့သည်။ အဆိုပါ ဖေ့စ်ဘုတ်ပို့စ်မှာ ဇန်နဝါရီလ ၅ရက်နေ့က ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ဝဘ်ဆိုက်များကို ဖျက်စီးပစ်ခဲ့သည့် မြန်မာအုပ်စုနှင့် တစ်ဖွဲ့တည်းဖြစ်သည်ဟု ယူဆရသည်။ ခိုတောင်လူသတ်မှု စီရင်ချက်ကို ဆန့်ကျင်သည့်အနေဖြင့် တိုက်ခိုက်မှုများက ထိုင်းတရားရုံး ဝဘ်ဆိုက်အားလုံးကို ပိတ်ပစ်ခဲ့သည်ဟု အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာတွင် ပြောကြားထားသည်။

ထိုင်းရေတပ်ဖွဲ့က နိုင်ငံခြားကမ္ဘာလှည့်များပါဝင်ပတ်သက်နေသည့် အမှုများကို စစ်ဆေးပုံစစ်ဆေးနည်း မပြောင်းလဲသေးသရွေ့ ထိုင်းနိုင်ငံကို သပိတ်မှောက်ရန် ကမ္ဘာလှည့်များအား တောင်းဆိုသည့် လှုပ်ရှားမှုကို Anonymousက ထောက်ခံသည်ဟု အဆိုပါ ဖေ့စ်ဘုတ်ပို့စ်တွင် ရေးသားထားသည်။

အဆိုပါဖေ့စ်ဘုတ်ပို့စ်တွင် ယခုလအစောပိုင်းက ထိုင်းရဲတပ်ဖွဲ့ ဝဘ်ဆိုက်များကို တိုက်ခိုက်ခဲ့သည့် Blink Hackers Group ဟူသော အမည်ကိုလည်း ဂရပ်ဖစ်ဖြင့် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly