အကြမ်းဖက်တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သည့် တရုတ်နိုင်ငံသားများအတွက် ပါကစ္စတန်က နစ်နာကြေးပေးမည်

အကြမ်းဖက်တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သည့် တရုတ်နိုင်ငံသားများအတွက် ပါကစ္စတန်က နစ်နာကြေးပေးမည်

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ ယမန်နှစ်က ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည့် တရုတ်နိုင်ငံသား ၃၆ ဦးအတွက် ပါကစ္စတန်အစိုးရက နစ်နာကြေး ဒေါ်လာ ၁၁ ဒသမ ၆ သန်း ပေးသွားမည်ဖြစ်သည်။

ယင်းကဲ့သို့ နစ်နာကြေးပေးအပ်ခြင်းသည် အဓိကမဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံကို နှစ်သိမ့် ချွေးသိပ်ရန် ပါကစ္စတန်အစိုးရဘက်က ရည်ရွယ်လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

ပါကစ္စတန်အစိုးရအဖွဲ့၏ စီးပွားရေးဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းမှု ကော်မတီ (ECC) က တရုတ်နိုင်ငံသားများအတွက် နစ်နာကြေးပေးမည့် ပမာဏနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ဇန်နဝါရီ ၂၁ ရက်က ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကော်မတီအစည်းအဝေးကို ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး ရှောကတ် တာရင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ကိုဗစ်-၁၉ ကူးစက်ခံထားရသဖြင့် သီးခြားခွဲနေရသည့်အတွက် အစည်းအဝေးကို အွန်လိုင်းကနေတဆင့် တက်ရောက်ခဲ့သည်။

“ကျွန်တော်တို့နဲ့ တရုတ်အကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးအပေါ် ဆင်ခြင်သုံးသပ်ခဲ့ပြီးနောက် အစိုးရအဆင့် ချစ်ကြည်ရင်းနှီးမှု လုပ်ဆောင်ချက်တစ်ခုအဖြစ် ကန်ဒေါ်လာ ၁၁ ဒသမ ၆ သန်း နစ်နာကြေးပေးမှုကို ကော်မတီက အတည်ပြုခဲ့တာဖြစ်ပါတယ်” ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယမန်နှစ် ဇူလိုင် ၁၃ ရက်က ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ကိုဟစ္စတန် ခရိုင်ရှိ ဒါးဆု ရေအားလျှပ်စစ် စီမံကိန်း၌ အလုပ်လုပ်သည့် တရုတ်နိုင်ငံသားများ စီးနင်းလိုက်ပါလာသော ဘတ်စ်ကားတစ်စီး အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရ၍ အင်ဂျင်နီယာအများစုအပါအဝင် တရုတ်နိုင်ငံသား ၁၀ ဦးသေဆုံးပြီး အခြား ၂၆ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခုကဲ့သို့ နစ်နာကြေးပေးမှုက ပါကစ္စတန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးပိုင်းတွင် အဖုအထစ်ဖြစ်စေခဲ့သည့် အဓိကအနှောင့်အယှက်တစ်ခုကို ဖယ်ရှားရန် ရည်ရွယ်လုပ်ဆောင်မှုပင်ဖြစ်ကြောင်း ယခုအပတ်အစောပိုင်းတွင် ပါကစ္စတန်မီဒီယာများက ဖော်ပြကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly