ကန်ပက်လက်မြို့တွင်း စစ်တပ် တပ်စွဲရာနေရာ ၃ ခု ရှော့တိုက်ဒုံးပစ်ခံရ

ကန်ပက်လက်မြို့တွင်း စစ်တပ် တပ်စွဲရာနေရာ ၃ ခု ရှော့တိုက်ဒုံးပစ်ခံရ

ဇန်နဝါရီ ၃၁

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ စစ်တပ် တပ်စွဲနေသည့် နေရာများ ဖြစ်သော ရန်အောင် ရတနာစေတီ၊ ပညာရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကုန်း တို့ကို ချင်းပြည်သူ့ကာကွယ်ရေး တပ် (ကန်ပက်လက်) က ယနေ့ ဇန်နဝါရီ ၃၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များက လက်နက်ကြီးသုံး၍ ပြန်လည် ပစ်ခတ် သဖြင့် နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

''လတ်တလော မှာတော့ နှစ်ဖက်တပ်တွေရဲ့ ထိခိုက်မှုကို မသိရသေးဘူး။ တိုက်ပွဲ အခုချိန်ထိ ဖြစ်နေဆဲပဲ။ ဒါပေမဲ့ တပ်ဘက်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် ကန်ပက်လက် မြို့ထဲမှာ ရှိတဲ့ လူနေအိမ်တွေကိုတော့ ထိမှန်တယ်။ ပြီးတော့ အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိထားတယ်'' ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီဘက်တွင်လည်း တပ်သား သုံးဦး သေဆုံးသည်ဟု ချင်း ပြည်သူ့ကာကွယ်ရေးတပ် (ကန်ပက်လက်) က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရသည့် နေရာများထဲမှ ရန်အောင်စေတီကုန်းသည် ကင်းစခန်း သဘောမျိုး ဖြစ်ပြီး ပညာရေးမှူးရုံးနှင့်‌ ထွေအုပ်ရုံးများတွင် စစ်ကောင်စီ တပ်သား အင်အား ၅၀ နှင့် ၁၀၀ ကြား ရှိနိုင်ကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly