မြန်မာတွင် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များ ကြီးမားလာနေဟု ကုလသံတမန် ပြော

မြန်မာတွင် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များ ကြီးမားလာနေဟု ကုလသံတမန် ပြော
Photo - The Straits Times

ဇန်နဝါရီလ ၃၀ ရက်

စီးပွားရေး ယိုယွင်းမှုအခြေအနေတစ်ခုနှင့် ကြုံနေရပြီး ပဋိပက္ခနွံနစ်နေသည့် မြန်မာနိုင်ငံတွင် လူသားချင်း စာနာမှု အကူအညီ လိုအပ်မှုက အဆမတန် ကြီးလာနေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ သောမတ်စ် အန်ဒရူးစ်က ပြောကြားလိုက်သည်။

ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က မြန်မာအာဏာသိမ်းစစ်တပ်အပေါ် ဖိအားပေးရန် ပိုမိုလုပ်ဆောင်နိုင်စရာ အခွင့်အလမ်းများ ရှိသည်ဟု ၎င်းက ပြောသည်။

“ဘယ်ဘက်ကနေပဲ ကြည့်ကြည့် မြန်မာနိုင်ငံမှာ အခြေအနေတွေဟာ ယိုယွင်းဆိုးရွားလာနေတယ်ဆိုတာကို တွေ့နိုင်မှာဖြစ်ပါတယ်” ဟု မစ္စတာ အန်ဒရူးစ်က သည် စထရိတ်တိုင်းမ် သတင်းဌာနကို ပြောခဲ့သည်။

“အမှန်တကယ် လိုအပ်တဲ့ နေရာတွေသို့ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိစေဖို့အတွက် စိန်ခေါ်မှုတွေက အတော် သိသာထင်ရှားနေပါတယ်” ဟုလည်း ၎င်းက ပြောသည်။

အလားတူ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဇန်နဝါရီ ၁၃ ရက် ထုတ်ပြန်ချက်တစ်ရပ်အရ ၂၀၂၁ ဒီဇင်ဘာလနောက်ပိုင်း ကယားနှင့် ကရင်ပြည်နယ်တို့တွင် မြန်မာအာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပီဒီအက်စ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများက အရှိန်မြင့်တက်နေခဲ့သည်ဟု မှတ်ချက်ပြုထားခဲ့သည်။

၂၀၂၁ မေလနောက်ပိုင်း နိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသတစ်ခုတည်းမှာပင် ပြည်သူ ၁၈၁,၄၀၀ ခန့်သည် အသစ်စက်စက် နေရပ်စွန့်ခွာထွက်ပြေးထားခဲ့ကြရကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စုစုပေါင်း ပြည်သူ နှစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးထားခဲ့ကြရသည်။

ဇန်နဝါရီလအစောပိုင်းကလည်း ကယားပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သား ခြောက်ဦး သေဆုံးခဲ့ရပြီး လူပေါင်းထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသည်။ သေဆုံးသူများထဲတွင် ကလေးနှစ်ဦး ပါကြောင်း သတင်းများအရ သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်ခွင့်အတွက် အာဏာသိမ်းစစ်အုပ်စု၏ ပိတ်ပင်မှုကို ခံထားရသည့် မစ္စတာ အန်ဒရူးစ်က ပြောကြားရာတွင် မြန်မာစစ်တပ်သည် တရားဝင်ဖြစ်မှုအားလုံး ဆုံးရှုံးထားခဲ့ပြီဟု ပြောသည်။

“သူတို့ (မြန်မာအာဏာသိမ်းစစ်တပ်) ဟာ ဒေသမှာ အကြီးဆုံး စစ်တပ်တွေထဲက တစ်ခုဖြစ်ပါတယ်၊ သူတို့ဟာ အင်မတန် ခေတ်မီတဲ့ လက်နက်တွေ ရယူအသုံးပြုထားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ဟာ အဲဒီလက်နက်တွေ အသုံးပြုတဲ့နေရာမှာ စောင့်ထိန်းရမှာတွေကို လိုက်နာစောင့်ထိန်းတာမျိုး ရှိမနေဘူးဆိုတာနဲ့ သူတို့ရဲ့ လူမဆန် ရက်စက်မှုတွေကို ပြသထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“အဓိကအချက်ကတော့ သူတို့မှာ ရှိတာက ဒါတွေပဲဖြစ်တဲ့အတွက် အဲဒါက အလုပ်ဖြစ်တော့မှာမဟုတ်ပါဘူး၊ သူတို့ဟာ နိုင်ငံမှာ တရားဝင်ဖြစ်မှု မရှိပါဘူး၊ အတိုက်အခံတွေက လွှမ်းမိုးနေပါပြီ၊ ကျယ်ပြန့်ပြီး နက်နဲပါတယ်၊ ပြီးတော့ မျိုးဆက်ပေါင်းစုံ ပါဝင်နေပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required