ပါကစ္စတန် ဆင်းန်ပြည်နယ်၌ အမျိုးသမီးဆန္ဒပြသူများကို ရဲများက အင်အားသုံး လူစုခွဲ

By Zee5
30 January 2022
ပါကစ္စတန် ဆင်းန်ပြည်နယ်၌ အမျိုးသမီးဆန္ဒပြသူများကို ရဲများက အင်အားသုံး လူစုခွဲ

ပါကစ္စတန်နိုင်ငံ ဆင်းန်ပြည်နယ် တန်ဒို အယ်လယာခရိုင်တွင် ဇန်နဝါရီ ၂၂ ရက်က ဆန္ဒထုတ်ဖော်မှုတစ်ခုကို လုပ်ဆောင်ခဲ့ကြသည့် အမျိုးသမီးဆန္ဒပြသူများကို ရဲများက နံပါတ်တုတ်ဖြင့် ရိုက်နှက်ပြီး လူစုခွဲခဲ့သည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြအမျိုးသမီးများသည် ယင်းမတိုင်မီ ဇန်နဝါရီ ၂၁ ရက် ညပိုင်းက အမှတ် ၁၅ ရဲတပ်ဖွဲ့ အကူအညီပေးရေးစင်တာ မီးရှို့တိုက်ခိုက်ခံရမှုဖြစ်စဉ်ဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များ ဖမ်းဆီးခံရမှုအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

ဆန္ဒပြအမျိုးသမီးများကို တန်ဒို အယ်လယာခရိုင် ရဲများက နံပါတ်တုတ်ဖြင့် ရိုက်နှက်လူစုခွဲခဲ့မှုအပေါ် ပါကစ္စတန် Muttahida Qaumi Movement (MQM-P) အဖွဲ့၏ ခေါင်းဆောင်များက ဝေဖန်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီးများအပေါ် အင်အားသုံးဖြိုခွင်းမှုနှင့်ပတ်သက်ပြီး ဆင်းန်ပြည်နယ် ဝန်ကြီးချုပ် ဆိုင်ယက်ဒ် မူရက်ဒ် အလီ ရှားက ဖြစ်စဉ်အပေါ် ဂရုစိုက်စုံစမ်းစစ်ဆေးရန် ဟိုင်ဒါရာဘတ်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ ပီရာ မိုဟာမက် ရှားကို ညွှန်ကြားခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

ယခင်ကလည်း တရားရုံးတစ်ခု၏ ဂိတ်ပေါက်ဝ၌ ပစ်သတ်ခံခဲ့ရသည့် MQM-P တက်ကြွလှုပ်ရှားသူ ဘိုလူ ခန်ဇာဒါ ခေါ် ခါလီလာ ရာမန်၏ နာရေးအခမ်းအနားအပြီး ဇန်နဝါရီ ၂၁ ရက်ညပိုင်းတွင် ရဲတပ်ဖွဲ့ စင်တာကို မီးရှို့တိုက်ခိုက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ရဲဌာနစင်တာအတွင်း ရှိနေခဲ့သည့် ကိုယ်ပိုင်ကားတစ်စီးနှင့် ဆိုင်ကယ် ၁၀ စီးခန့် မီးရှိုခံခဲ့ရသည်။ ရဲများ၏ အဆိုအရ ကျူးကျော်ဝင်ရောက်သူများသည် ၎င်းတို့၏ ဆိုင်ကယ်များအပြင် လမ်းလျှောက်စကားပြောစက်များ၏ အားသွင်းပစ္စည်းများအပါအဝင် အခြားသော အသုံးအဆောင်ပစ္စည်းများကို ယူဆောင်သွားကြသည်ဟု သိရသည်။

အဆိုပါ ရဲစင်တာ မီးရှို့တိုက်ခိုက်ခံရမှုဖြစ်စဉ် ဖြစ်ပြီးနောက် ဘိုလူ ခန်ဇာဒါ အသတ်ခံရသည့် အမှု၏ တရားလိုဖြစ်သလို ၎င်း၏ အကိုလည်း ဖြစ်သည့် အေဆစ်ဖ် ခန်ဇာဒါ အပါအဝင် လူအများအပြားကို ရဲတပ်ဖွဲ့က အမှုသုံးမှု ဖွင့်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အခြားသော သံသယရှိသူအချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly