အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖေဖေါ်ဝါရီလလယ် ကျင်းပမည်

By The Phnom Penh Post / Bangkok Post
30 January 2022
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖေဖေါ်ဝါရီလလယ် ကျင်းပမည်
Photo - AFP

ဇန်နဝါရီ ၃၀

ရွှေ့ဆိုင်းထားခဲ့ရသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဖေဖေါ်ဝါရီ ၁၆-၁၇ ရက်တို့တွင် ပြန်လည်ကျင်းပသွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းက ယမန်နေ့က အတည်ပြုခဲ့သည်။

အလားတူ ၎င်းသည်လည်း အာဆီယံအုပ်စု၏ အထူးသံတမန်အဖြစ် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် လာရောက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဆော့ခွန်းက ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီ ၁၈-၁၉ တွင် ကျင်းပရန် မူလက စီစဉ်ထားခဲ့သော်လည်း အာဆီယံဝန်ကြီးအချို့ တက်ရောက်ရန် အခက်အခဲရှိ၍ဟု ဆိုပြီး ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ မိုနာ ဂျူးလ်နှင့် အွန်လိုင်းမှ တွေ့ဆုံစဉ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြုလုပ်မည့် နေ့ရက်သစ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စကို ဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်း သိရသည်။

တချိန်တည်းမှာပင် မြန်မာအာဏာသိမ်းစစ်တပ်သည် ယင်းကို ဆန့်ကျင်သူများအပေါ် အကြမ်းဖက်မှု ရပ်ဆိုင်းထားခြင်း မရှိသေးသဖြင့် အဆိုပါ အစည်းအဝေးတွင် စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးကို ချန်လှပ်ရန် ကမ္ဘောဒီးယားဘက်က စီစဉ်လျက် ရှိကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင်လည်း ဖော်ပြသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ဖော်ဆောင်မှုတွင် တိုးတက်မှုတချို့ မပြသနိုင်သရွေ့ မြန်မာနိုင်ငံမှ “နိုင်ငံရေးပိုင်းမှ မဟုတ်သူ” တစ်ဦးကိုသာ ဖိတ်ကြားလိမ့်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောဆိုနေကြသည်ဟု သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ယခုနှစ် အာဆီယံ၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် ဆော့ခွန်း၏ စီစဉ်ထားသော မြန်မာနိုင်ငံ ခရီးစဉ်ကိစ္စနှင့်ပတ်သက်ပြီးလည်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required