ပုသိမ်မြို့တွင် မီတာမဆောင်ပါက မီးဖြတ်မည်ဟုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက စာပို့ခြိမ်းခြောက်

ပုသိမ်မြို့တွင် မီတာမဆောင်ပါက မီးဖြတ်မည်ဟုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက စာပို့ခြိမ်းခြောက်

ဇန်နဝါရီလ ၂၉ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ နေအိမ်အများစုအား အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများက မီတာမဆောင်လျှင် မီးဖြတ်မည်ဟု ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း စာပို့ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။ 

"မီတာမဆောင်တာကတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုဆီကို ပိုက်ဆံပေးသလိုဖြစ်မှာစိုးလို့ တစ်နိုင်ငံလုံးနီးပါး မဆောင်ကြဘူးလေ။ ဒါကို မီတာမဆောင်ရင် မီးဖြတ်မယ်ဆိုတော့လည်း ဖြတ်ပေါ့။ ပြီးတော့ COVID ကာလတုန်းကလျော့ပေးထားတဲ့ လတွေနဲ့ ကျန်ခဲ့တဲ့လတွေက မဆောင်ခဲ့တဲ့ဟာတွေကိုပါ အကုန်စုပေါင်းပြီး တောင်းနေတာပါ။ မီးဖြတ်ရင်လည်း ဖြတ်သွားတော့ မဆောင်ဘူး"ဟုဒေသခံတစ်ဦးက ပြောသည်။ 

မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ပေးပို့စာထဲတွင် စာကိုရရှိပြီး တစ်ပတ်အတွင်း မီတာခ လာဆောင်ရန်ရေးသားထားပြီး၊ မီတာလာမဆောင်ပါက မီတာသုံးစွဲသူများအား လျှပ်စစ်ဥပဒေအရ မဖြစ်မနေ ဓာတ်အား ဖြတ်တောက်ခြင်းများ ပြုလုပ်သွားမည်ဟု ရေးသားထားသည်။ 

ပုသိမ်မြို့ပေါ် ရပ်ကွက်တချို့ရှိ မီတာမဆောင်သောနေအိမ်များမှ မီတာပုံးများကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံးဝန်ထမ်းများက လိုက်လံဖြုတ်သိမ်းနေကြောင်း၊ နေအိမ်တချို့ မီးဖြတ်ခံထားရကြောင်း ဒေသခံက ဆက်လက်ပြောသည်။ 

ပုသိမ်မြို့တွင် စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီထံ အခွန်ပေးဆောင်ခြင်းကို ရှောင်ရှားလာကြပြီး ပုသိမ်မြို့ပေါ်လူဦးရေ၏ ရာခိုင်နှုန်းအနည်းငယ်မျှသာ မီတာဆောင်နေကြသည်ဟု ဒေသခံကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required