ပုသိမ်မြို့ပေါ်ရှိ အသံတိတ်သပိတ်နေ့ ဆိုင်မပိတ်ရန် စည်ပင်၀န်ထမ်းက အစည်းအဝေးခေါ်ခြိမ်းခြောက်

ပုသိမ်မြို့ပေါ်ရှိ အသံတိတ်သပိတ်နေ့ ဆိုင်မပိတ်ရန် စည်ပင်၀န်ထမ်းက အစည်းအဝေးခေါ်ခြိမ်းခြောက်

ဇန်နဝါရီလ ၂၉ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ ဆိုင်ပိုင်ရှင်များအား အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ​မြို့နယ်စည်ပင်ရုံးဝန်ထမ်းများက အစည်းအဝေးခေါ်ပြီး ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဆိုင်ပိတ်၍ အသံတိတ်သပိတ်မပြုလုပ်ရန်ခြိမ်းခြောက်ပြောဆိုမှုများရှိနေကြောင်း ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ 

"ဆိုင်ပိုင်ရှင်တွေကိုခေါ်ပြီးစစ်ကောင်စီက ထုတ်ထားတဲ့ စာရွက်ထဲက ဥပဒေပုဒ်မတွေကို ဖတ်ပြတယ်။ ပြီးတော့မှ သူတို့ကဆိုင်မပိတ်ခိုင်းတာဘဲရှိတာပါ၊တရားစွဲတာတွေ ဆိုင်ကိုအပြီးပိတ်မယ်ဆိုတာတွေက စစ်ကောင်စီဘက်ကလုပ်တာပါလို့ ပြောတယ်၊အဓိကကတော့ ဆိုင်မပိတ်ဖို့ဘဲပေါ့ ဆိုင်ပိတ်လို့တရားစွဲခံရရင်သူတို့တာဝန်မယူဘူးလို့ခေါ်ခြိမ်းခြောက်တာပါ"ဟုဆိုင်ပိုင်ရှင်ကဆိုသည်။ 

ပုသိမ်မြို့ပေါ်ရှိ ဆိုင်ပိုင်ရှင်များအား မြို့နယ်စည်ပင်က ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း အယောက် ၄၀ကျော်စီခေါ်ယူ အစည်းအဝေးလုပ်နေခြင်းဖြစ်ပြီး အစည်းအဝေးတက်ရောက်ခဲ့သောဆိုင်ပိုင်ရှင်များအားလုံးကို "တရားစွဲခံရလျှင် မြို့နယ်စည်ပင်က တာဝန်ယူမည်မဟုတ်ကြောင်း"ကိုသာပြောဆိုနေခဲ့ကြောင်း၎င်းကဆိုသည်။ 

ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်လည်း စည်ပင်ဝန်ထမ်းများ၊အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးများက ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဆိုင်များမဖြစ်မနေဖွင့်ရန် လိုက်လံကြေညာခြင်း၊အစည်းအဝေးခေါ်ယူ ပြောဆိုခြင်းများနှင့် ဆိုင်ပိုင်ရှင်များအား လက်မှတ် ထိုးခိုင်းခြင်းများကိုပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required