ပုလဲမြို့နယ်တွင် စစ်တပ်က ပျူစောထီးဆိုသူများကို သင်တန်းပေးနေသည့်နေရာအား ဒေသခံပြောက်ကျားတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက် 

ပုလဲမြို့နယ်တွင် စစ်တပ်က ပျူစောထီးဆိုသူများကို သင်တန်းပေးနေသည့်နေရာအား ဒေသခံပြောက်ကျားတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက် 

ဇန်နဝါရီလ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူရွာတွင် အခြေချပြီး ပျူစောထီးဆိုသူများအား သင်တန်းပေးနေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို ဇန်နဝါ ရီလ ၂၈ရက် ည၈နာရီအချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြောက်ကျားတပ်ဖွဲ့ကပြောသည်။ 

"စစ်ကောင်စီအင်အားက ၄၀လောက်ရှိမယ်၊ ရွာခံတွေက လက်ခံပြီး လူငယ်တွေပေါင်းဖွဲ့ထားတဲ့အင်အား ၁၀၀လောက်ရှိတယ်လို့ သတင်းအတိအကျရထားတယ်၊သင်တန်းတွေလည်းပေးနေတယ်၊ လက်နက်လည်း အပြည့်အစုံချပေးထားတယ်၊ အဲ့နားကရွာတွေကိုလည်း ပျူစောထီးသင်တန်းအကြီးအကျယ်ပေးနေတာ ငါးရက်သင်တန်းဆိုပြီး အစီအစဥ်ဆွဲပြီးလုပ်နေတာ။ ကျွန်တော်တို့က မြေပြင်ရော၊ ဝေဟင်ကပါ (ဒရုန်းတွင် ဗုံးချိတ်ပြီး တိုက်ခိုက်)တိုက်လိုက်တယ်"ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ ဗိုလ်ဂျပန်ကပြောသည်။ 

အဆိုပါထိတွေ့ပစ်ခတ်မှုတွင် နာရီဝက်ခန့်ကြာမြင့်ပြီး စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ်ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ဒေသခံကာကွယ်ရေးတပ်များမှာ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။စစ်ကောင်စီဘက်မှ ထိခိုက်မှုကိုမူအတိအကျမသိရသေးပေ။ 

ဇီးဖြူရွာသည် ပုလဲမြို့၏အနောက်မြောက်ဘက်တွင် တည်ရှိပြီး ပုလဲမြို့နှင့် ၅မိုင်ခွဲခန့်သာဝေးသည်။ 

ယင်းလုပ်ဆောင်မှုကို အောင်ဆန်းတပ်ဖွဲ့၊ ပုလဲ ပကဖ၊ PRA၊ Chindwin Attack Force၊ သံမဏိတပ်ဖွဲ့၊ ပုလဲပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ရက်နေ့နှင့် ၁၁ရက်နေ့တို့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းအား ဒေသခံကာကွယ်ရေးတပ်များက လက်နက်ကြီး(လက်လုပ် ၆၀မမ)ဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများလည်းဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required