ပါကစ္စတန်တာလီဘန်အဖွဲ့က အစ္စလမ်မာဘတ်မြို့တွင် ရဲများကို တိုက်ခိုက်

By Islamkhabar
29 January 2022
ပါကစ္စတန်တာလီဘန်အဖွဲ့က အစ္စလမ်မာဘတ်မြို့တွင် ရဲများကို တိုက်ခိုက်

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလမ်မာဘတ်၌ လုံခြုံရေးတာဝန်ကျရဲများကို ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ခိုက် ခဲ့ကြောင်း ပါကစ္စတန်တာလီဘန်အဖွဲ့က ထုတ်ပြန်လိုက်သည်။

မြို့၏ လူစည်ကားရာ ဈေးတစ်ခုအနီး လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုကို ဇန်နဝါရီ ၁၇ ရက် ညပိုင်းက ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦးက လာရောက်ပစ်ခတ်ခဲ့ရာတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး သေနတ်သမားနှစ်ဦးစလုံး သေဆုံးသွားကြောင်း ပါကစ္စတန်ရဲများက ပြောသည်ဟု Voice of America (VOA) က ဖော်ပြသည်။

အကြမ်းဖက်သမားများပစ်ခတ်မှုကြောင့် ရဲ ၁ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာ ရခဲ့ကြောင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုတိုက်ခိုက်မှုကို အကြမ်းဖက်မှုလုပ်ရပ်တစ်ခုအဖြစ် ပြည်ထဲရေးဝန်ကြီး ရှိတ်ခ် ရာရှစ်ဒ် အာမက်ဒ်က ပြစ်တင် ရှုတ်ချခဲ့သည်။

တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် Tehreek-i-Taliban (TTP) အဖြစ် သိထားကြသော ပါကစ္စတန်တာလီဘန်အဖွဲ့သည် အစိုးရနှင့်အကြား ရက် ၃၀ ကြာ အပစ်ရပ်မှုကာလပြီးဆုံးပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းမှစပြီး နိုင်ငံတွင် တိုက်ခိုက်မှုများကို တိုးမြင့်လုပ်ဆောင်လာခဲ့သည်။

ပါကစ္စတန်အစိုးရနှင့် TTP အဖွဲ့အကြား ထိရောက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် အပစ်ရပ်စဲရေးကို အာဖဂန်နစ္စတန်၏ အာဏာရ တာလီဘန်အဖွဲ့က ကြားဝင်စေ့စပ်ပေးထားခဲ့ခြင်းဖြစ်သည်။

သို့သော် ဆွေးနွေးမှုများတွင် တိုးတက်မှု မရှိဟု ဆိုပြီး ပါကစ္စတန်တာလီဘန်တို့က အပစ်ရပ်သဘောတူညီချက်ကို သက်တမ်းတိုးရန် ငြင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly