လှိုင်သာယာမြို့နယ် လျှပ်စစ်ရုံး ၂ ရုံးတွင် ပေါက်ကွဲမှုဖြစ်

လှိုင်သာယာမြို့နယ် လျှပ်စစ်ရုံး ၂ ရုံးတွင် ပေါက်ကွဲမှုဖြစ်

ဇန်နဝါရီလ ၂၈ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း လျှပ်စစ်ရုံးနှင့် စက်မှုဇုန် လျှပ်စစ်ရုံးတို့တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက် ည ၇ နာရီခန့်က ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။

“သုံးလုံး ခွဲလိုက်တယ်။ ရွှေလင်ဗန်းကို နှစ်လုံး ခွဲတယ်။ ၇ နာရီ ၂၀ မိနစ်မှာ စက်မှုဇုန် လျှပ်စစ် ရုံးကို ခွဲတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ သတိပေးတဲ့ သဘောပေါ့။ ဝန်ထမ်းတွေ CDM ပါဝင်ဖို့ရယ်၊ ပြည်သူတွေ မီတာဆောင်ပြီး စစ်ကောင်စီကို ကျည်ဖိုး မပေးဖို့ရယ် အတွက်ပါ " ဟု Spring Revolution Flames SRF အဖွဲ့က မဇ္ဈိမကို ပြောသည်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိခဲ့ဘဲ သတိပေးသည့် အနေဖြင့်သာ ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းလုပ်ဆောင်မှုကို Gods Of Death (Free Tiger Ranger)၊ (SRF) အဖွဲ့နှင့် (Black Eagle) မဟာမိတ် အဖွဲ့ လေးဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

EPC ဝန်ထမ်းများကိုလည်း CDM ဝင်ကြရန် တိုက်တွန်းထားပြီး စစ်ကောင်စီ အလိုကျ ထပ်မံ ဆောင်ရွက်ပါက နောင်တွင် အသက်အန္တရယ်ကို အာမခံမည် မဟုတ်ကြောင်းနှင့် ပြည်သူလူထု အနေဖြင့်လည်း စစ်ကောင်စီထံ မီတာမဆောင် ကျည်ဖိုး မပေးကြရန် ၎င်းတို့က တိုက်တွန်းထားသည်။

ဇန်နဝါရီလ ၈ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၌ ရွှေလင်ဗန်း (၂၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင် (ခေါ်) ကုလား ဆိုသူ သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required