အာဏာရှင်ကိုတော်လှန်၍ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံမူများ ချမှတ်မည်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
28 January 2022
အာဏာရှင်ကိုတော်လှန်၍ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံမူများ ချမှတ်မည်

၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်။

စစ်အာဏာရှင်အပါအဝင် အာဏာရှင်များ အားလုံးကို အမြစ်ပြတ် တွန်းလှန် တိုက်ဖျက် နိုင်မှသာ အားလုံး လိုလား တောင်းတနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက် နိုင်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်အချို့က ပြောသည်။

ဇန္နဝါရီလ ၂၇ ရက်နေ့ (ယမန်နေ့) က အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC ) မှ ကမကထ ပြု လုပ်ကာ စတင်ကျင်းပနေသည့် ပြည်သူ့ညီလာခံ အဖွင့် အမှာစကားထဲတွင် တိုင်းရင်းသား ခေါင်းဆောင်အချို့ က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသမီး အစည်းအရုံး KWO ဗဟိုကော်မတီဝင်လည်းဖြစ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက “ပထမ ကျမတို့ ရည်မှန်းချက်ပန်းတိုင်ကတော့ အာဏာရှင်ပေါင်းစုံ အာ ဏာရှင်မှန်သမျှကို အမြစ်ဖြုတ်တော်လှန် ရေးဖြစ်ပါတယ်။ စစ်အာဏာရှင်ကတော့ အခုလက်ရှိမှာ ကျမတို့ တော်လှန်နေတဲ့ အာဏာရှင် တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့တွေ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ကို အမှန်တကယ်ပဲ လိုလားတယ်ဆိုရင်တော့ အခြားသော အာဏာရှင်စနစ်တွေဖြစ်တဲ့ သက်ဦးဆံပိုင်အာဏာ ရှင်စနစ်တွေ တစ်ပါတီ အာဏာရှင်စနစ်တွေ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အခြေခံတဲ့ အာဏာရှင် စနစ်တွေ အားလုံးကို တပြိုင်နက်တည်း အမြစ်ပြုတ် တော်လှန်သွားရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အာဏာရှင် စနစ်အားလုံးကို အမြစ်ပြတ် တိုက်ဖျက်နိုင်ရန် အမျိုးသား ညီညွတ်ရေးသည် မရှိမဖြစ်လိုအပ်နေပြီး ထိုညီညွတ်ရေးမှတစ်ဆင့် စစ်အာဏာရှင် အပါအဝင် အာဏာရှင်စနစ် အားလုံးကို ဆန့်ကျင်တော်လှန်နိုင်မှသာ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ထူထောင်နိုင်မည်ဟု ခွန်မြင့်ထွန်းက ပြောသည်။

ပြည်နယ် လူမျိုး အခြေပြု အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အစုအဖွဲ့လည်းဖြစ် ပအို အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌလည်းဖြစ်သည့် ခွန်မြင့်ထွန်းက “ကျနော်တို့ အားလုံးရဲ့ တူညီတဲ့ ဘုံတူညီချက်ပန်းတိုင် ဖြစ်တဲ့ ဒီစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးအတွက်ကို မရှိမဖြစ်လို အပ်တဲ့ အရာကတော့ ကျနော်တို့ရဲ့ အမျိုးသား ညီညွတ်ရေးပဲ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့က နေ်မျိုးတည်းက ချုပ်ကိုင် လွှမ်းမိုးနေမယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် တော့ မဟာလူမျိုးကြီး ဝါဒနဲ့ စစ်အာဏာရှင်စနစ် အပါ အဝင် အာဏာရှင်စနစ် တမျိုးမျိုးက ချုပ်ကိုင် နေမယ် ထွန်းကား နေမယ်ဆိုရင် ကျနော်တို့ လိုလားတဲ့ ဖက်ဒ ရယ် ပြည်ထောငု ထူထောင်ရေး ဆိုတာဟာ ဖြစ်ပေါ် လာစရာ အကြောင်းမရှိပါဘူး။ ဒီအတွက်ကြောင့် ကျ နော်တို့ ဟာ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်အ မျိုး မျိုးကို ကျနော်တို့ ဆန့်ကျင်တော်လှန်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်အာဏာရှင် အပါအဝင် အာဏာရှင် တစ်မျိုးမျိုးက တနည်းနည်းဖြင့် ဆက်ရှိနေမည်ဆိုပါက အားလုံးလိုလား တောင်းတနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည် မဟုတ်ကြောင်း ခွန်မြင့်ထွန်းက ဆိုသည်။

ပြီးခဲသည့် NLD အရပ်သား အစိုးရ သက်တမ်းတွင် NLD က ဒီမိုကရေစီ အာဏာရှင်ပုံစံဖြင့် တိုင်းပြည်ကို ထိန်း ကျောင်းနေသည် သာမက တိုင်းရင်းသားများ၏ အရေးကို လျစ်လျူရှု့ခဲ့သည်ဟု ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။

၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင်နှင့် တိုင်းရင်း သား လူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်မပြုသည့် လူမျိုးကြီး ဝါဒကို အခြေခံ သည့် အာဏာရှင်များကြောင့် စစ်မှန်သည့် လွတ်လပ်ရေးမရခဲ့ပဲ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကြီးကို ဖြတ်သန်းခဲ့ရသည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ ခူဦးရယ် ပြောသည်။

ထို့ကြောင့် လက်ရှိနွေဦးတော်လှန်ရေးသည် အာလုံးပါဝင်သည့် လူထုတော်လှန်ရေး ဖြစ်သည်နှင့်အညီ သမိုင်း သစ်ကို ထုဆစ်ဖန်တီးရမည့် အချိန်ကာလလည်း ဖြစ်သည်ဟု ခူဦးရယ် က ဆိုသည်။

၎င်းက “ခုနေအခါမှာ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးရော လူထုတော်လှန်ရေးပါ ကျနော်တို့ အသွင် ပြောင်းပြီးတော့ ပေါင်းစပ် တိုက်ပွဲဝင်နေတဲ့ အခြေအနေမျိုးအောက်မှာ ကျနော်တို့ အနေနဲ့ ခုနပြောတဲ့ အားလုံး တစ်တွေ တစ်သဘောတည်းရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ကျနော်တို့ နည်းမှန်လမ်းမှန်နဲ့ ကျနော်တို့ သမိုင်းကို ကျနော်တို့ ဖာသာ ဖန်တီးပြီးတော့ ရေးသားမယ့် အချိန်ကာလလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

ချင်းအမျိုးသား တပ်ဦး CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးကလည်း နွေဦးတော်လှန်ရေးကြီးမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ပြည်သူ့ ညီလာခံကြီးတွင် အာဏာရှင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒ ရယ် ဒီမိုကရေစီ တည်ဆောက်ဆိုင်ရာ မူဝါဒများ ကို ချမှတ်နိုင်ရန် မျှော်လင့်သည်ဟု ပြောသည်။

ပူးဇင်ကျုံးက “အာဏာရှင် စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး အ တွက် ဖက်ဒရယ် ဒီမိုကရေစီ အင်အားစုများ စုပေါင်းပြီး နိုင်ငံရေး စီးပွားရေး လူမှုရေး လုံခြုံရေးနဲ့ အာဏာရှင် စနစ် တိုက်ဖျက်ရေး ဆိုင်ရာ အခြေခံမူများ မူဝါဒများ မဟာဗျူဟာများနဲ့ အသွင်ကူးပြောင်းမှု ဆိုင်ရာ အစီအမံ များ ညှိနှိုင်းဆွေးနွေးမှုများကို ဤပြည်သူ့ ညီလာခံမှ စတင်၍ အဆင့်ဆင့် ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ထား ပါတယ်” ဟုပြောသည်။

ဇန္နဝါရီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ၄ ရက်တာ ကျင်းပပြုလုပ်မည့် ပြည်သူ့ ညီလာခံကြီးတွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေညာစာတမ်းကို အတည်ပြုခြင်း ကိစ္စ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့စည်းခြင်းကို အတည်ပြုခြင်းကိစ္စနှင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို အတည်ပြုရန် ကိစ္စ အစရှိသည်များကို ဆွေးနွေး ကြမည်ဟု သိရသည်။

ထိုညီလာခံမှ စစ်အာဏာရှင်အပါအဝင် ရှိရှိသမျှ အာဏာရှင် အားလုံး အမြစ်ပြတ် တိုက်ဖျက်နိုင်သည့် မဟာဗျူ ဟာများနှင့် မူဝါဒများကိုသာမက တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် တန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန် တီးခွင့်တို့ကို ပြဌာန်းပေးနိုင်သည့် သဘောတူမှုများကို ရရှိနိုင်ရန် မျှော်လင့်နေကြသည်။

လက်ရှိကျင်းပနေသည့် ညီလာခံသို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများ၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိ ညာဉ်ကို သဘောတူ သည့် အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ ဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ် စားပြု ကော်မတီ(CRPH )၊ နိုင်ငံရေးပါတီများ၊ CDM ဝန်ထမ်းများ၊ ကြားကာလ ပြည်နယ် ဖက်ဒရယ် ယူနစ် ကိုယ် စားပြုကော်မတီများ၊ သမဂ္ဂများ၊ သပိတ်ခေါင်း ဆောင်များ၊ လူငယ်၊ အမျိုးသမီးများ၊ လူနည်းစု ဆိုင်ရာ အဖွဲ့အ စည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများ ပါဝင်တက်ရောက်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly