ပါကစ္စတန် အာဏာရပါတီတွင်း အက်ကွဲကြောင်းများ ထင်သာမြင်သာ ဖြစ်လာ

By JioNews
28 January 2022
ပါကစ္စတန် အာဏာရပါတီတွင်း အက်ကွဲကြောင်းများ ထင်သာမြင်သာ ဖြစ်လာ

ပါကစ္စတန်အာဏာရပါတီဖြစ်သည့် ပီတီအိုင် (PTI) ၏ ပါလီမန်ဆိုင်ရာ ပါတီအစည်းအဝေးတစ်ခုအတွင်း ကာကွယ်ရေးဝန်ကြီး ပါဗက်ဇ် ခါတက်ခ်က ဝန်ကြီးချုပ် အီမရန်ခန်းနှင့် ဖက်ဒရယ်ဝန်ကြီး ဟာမက်ဒ် အက်ဇာတို့ကို ရင်ဆိုင်တွေ့ပြီး စောဒကတက်မှု ရှိခဲ့ခြင်းက အာဏာရပါတီတွင်း အက်ကွဲကြောင်းများကို ပေါ်လွင်စေခဲ့သလို နိုင်ငံရေးအပြောင်းအလဲ ဖြစ်နိုင်သည့် အရိပ်အယောင်များကိုလည်း ထွက်ပေါ်စေခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ပါဗက်ဇ် ခါတက်ခ်သည် မဝေးသော ရှေ့ကာလတစ်ခုတွင် အောက်လွှတ်တော်ခေါင်းဆောင်နှင့် ဝန်ကြီးချုပ် အီမရန် ခန်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်းနှင့် ၎င်းသည် အောက်လွှတ်တော်တွင်း အပြောင်းအလဲတစ်ခုအတွက် အမတ် ၈၀ ဦး၏ ထောက်ခံမှုကို ရရှိထားသူဖြစ်ကြောင်း The Nation က ဖော်ပြသည်။

သဘောကွဲလွဲမှုများ မရှိပါဟု ပါဗက်ဇ် ခါတက်ခ်က ပြောဆိုထားသည်။ ယင်းမတိုင်မီ အစောပိုင်းတစ်ရက်ကမူ အမျိုးသားလုံခြုံရေးမူဝါဒ ထုတ်ဖော်မှု အခမ်းအနားတစ်ခု၌ ပါဗက်ဇ် ခါတက်ခ် တက်ရောက်လာခဲ့ခြင်း မရှိခြင်းက အာဏာရပါတီအတွင်း အက်ကွဲကြောင်းများ ရှိနေသည် ဆိုသည့် သတင်းများကို ပိုမိုခို်ငမာစေခဲ့သည်။

ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်-နာဝက်ဇ် ပါတီနှင့် ပါကစ္စတန် ပြည်သူ့ပါတီတို့အနေဖြင့် အစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ရှေ့တိုးလုပ်ဆောင်နိုင်ခြင်း မရှိပါက ပါဗက်ဇ် ခါတက်ခ်အနေဖြင့် ရှေ့တိုးလုပ်ဆောင်သွားလိမ့်မည်ဖြစ်ပြီး ၎င်းအား သစ္စာခံသည့် အမတ်များကို ၎င်းနှင့်အတူ ခေါ်ထုတ်သွားနိုင်သည်ဖြစ်ရာ ယင်းက ပါလီမန်တွင် အီမရန်ခန်း၏ ရှင်သန်ရပ်တည်နိုင်ရေးအပေါ် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုကို ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း The Nation က ဖော်ပြသည်။

ဝန်ကြီးချုပ် ခန်းသည် ပါလီမန်အတွင်း ၎င်း၏ မဟာမိတ်များထံမှ ထောက်ခံမှုကို တဖြည်းဖြည်းချင်း ဆုံးရှုံးလျက် ရှိသည်။ ပါလီမန်ဆိုင်ရာ ပါတီ အစည်းအဝေး၌ မဟာမိတ်များက အသေးစား ဘတ်ဂျက်အပေါ် စောဒကတက်ခဲ့ကြပြီး ယင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ခန်း ပြန်လည်သုံးသပ်သည်ကို အလိုရှိနေကြသည်။

အပြောင်းအလဲဖြစ်မည့် အခြေအနေများသည် အစ္စလမ်မာဘတ် တစ်နေရာတည်း၌ ရှိနေသည်မဟုတ်ဘဲ ကရာချိနှင့် ပက်ရှာဝါတို့အထိ ရောက်ရှိလာသည်။ နူအာ အလမ် ခန်း ကဲ့သို့ ထုတ်ဖော်သံအများအပြားက ပါလီမန်၏ လွှတ်တော်နှစ်ရပ်စလုံးတွင် ထွက်ပေါ်လာမည်ဖြစ်ရာ ယင်းတို့က ပါလီမန်အမတ်များအနေဖြင့် ၎င်းတို့ ပါတီ၏ လွှတ်တော်ဆိုင်ရာ ခေါင်းဆောင် အပြောင်းအလဲဖြစ်ရေးအတွက် အလိုရှိနေကြသည်ကို ရှင်းရှင်းလင်းလင်း ပြသနေကြောင်း The Nation က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly