ပါကစ္စတန်၌ ယခုဘဏ္ဍာနှစ်ကုန်တွင် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်

By Latestly
28 January 2022
ပါကစ္စတန်၌ ယခုဘဏ္ဍာနှစ်ကုန်တွင် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်

ပါကစ္စတန်တွင် ယခုနှစ် ဇန်နဝါရီလကုန် သို့မဟုတ် ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ပရိုဂရမ် ပြန်လည်အသက်ဝင်လာခြင်း မရှိပါက လက်ရှိ ဘဏ္ဍာနှစ်ကုန်တွင် ယင်းနိုင်ငံ၏ ရုန်းကန်နေရသည့် စီးပွားရေးအပေါ်တွင် အကျပ်အတည်းကြီးတစ်ခု ကျရောက်လာလိမ့်မည်ဟု ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် သုတေသနအစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ပါကစ္စတန်သည် လက်ရှိ ဘဏ္ဍာနှစ်၏ ဒုတိယနှစ်ဝက်အတွင်း ပြည်ပချေးငွေ ကန်ဒေါ်လာ ၈ ဒသမ ၆၃၈ ဘီလီယံအထိ ပြန်ဆပ်သွားရရန် ရှိနေကြောင်း ယင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ပြည်ပချေးငွေများ ပြန်ဆပ်ရမှုသည် ပြီးခဲ့သည့် ၄ နှစ်အတွင်း ရူပီးငွေတန်ဖိုးဖြင့် ၃၉၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရူပီး ၂၈၆ ဒသမ ၆ ဘီလီယံရှိရာမှ လက်ရှိအချိန်တွင် ခန့်မှန်းခြေအားဖြင့် ရူပီး ၁၄၂၇ ဒသမ ၅ ဘီလီယံ ရှိလာသည်။

ဒေါ်လာငွေအရ ပါကစ္စတန်သည် ငွေရင်းနှင့် အတိုး နှစ်ရပ်စလုံးတွင် ကန်ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံအထိ ရှိသည့် ပြည်ပချေးငွေများကို ပြန်လည်ဆပ်သွားရမည် ဖြစ်သည်။

အကယ်၍ ၂၀၂၂ ဇန်နဝါရီလကုန် သို့မဟုတ် ဖေဖေါ်ဝါရီဆန်းပိုင်းတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အစီအစဉ်ကို အသက်သွင်းနိုင်ခြင်း မရှိပါက လက်ရှိဘဏ္ဍာနှစ်ကုန်တွင် ကြီးမားသည့် အကျပ်အတည်းတစ်ခုက ပါကစ္စတန်၏ ရုန်းကန်နေရသည့် စီးပွားရေးအပေါ် ကျရောက်လာလိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ပြောထားသည်။

ပြီးခဲ့သည့် ဇူလိုင်-ဒီဇင်ဘာ ပထမနှစ်ဝက်ကာလအတွင်း ဆော်ဒီအာရေးဗျထံမှ ရရှိခဲ့သည့် ကန်ဒေါ်လာ ၃ ဘီလီယံ အထောက်အပံ့၊ IMF ထံမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော်နှင့် နိုင်ငံတကာ ယူရိုငွေတိုက် စာချုပ်ကနေတဆင့် ဒေါ်လာ ၁ ဘီလီယံတို့ကို လက်ခံရရှိထားသော်လည်း တစ်ဘက်တွင် နိုင်ငံ၏ ကုန်သွယ်လိုငွေပြမှုက ကြီးမားနေပြီး အရန်နိုင်ငံခြားသုံးငွေကြေးပမာဏကလည်း လျော့ကျနေသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ပါကစ္စတန် ဗဟိုဘဏ်က ထိန်းသိမ်းထားသည့် အရန်နိုင်ငံခြားသုံးငွေတန်ဖိုးသည် ကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly