အာဖဂန်ကလေးငယ်များ အာဟာရ ချို့တဲ့မှုနှုန်း မြင့်တက်လာ

By Latestly
27 January 2022
အာဖဂန်ကလေးငယ်များ အာဟာရ ချို့တဲ့မှုနှုန်း မြင့်တက်လာ

အာဖဂန်နစ္စတန်နိုင်ငံတွင် အာဟာရ ချို့တဲ့မှု ခံစားနေရသည့် ကလေးငယ်ဦးရေ ၃၀ ရာခိုင်နှုန်း မြင့်တက် လာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) က ထုတ်ဖော်ခဲ့သည်ဟု Pajhwok Afghan News က ဖော်ပြသည်။

အစောပိုင်းကလည်း ယင်းနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေကြောင့် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ကျန်းမာရေးစင်တာ ၉၀ ရာခိုင်နှုန်းနီးပါးအထိ ပိတ်သိမ်းသွားရနိုင်ကြောင်း IRC အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားခဲ့သည်။

စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေသည် လက်ရှိအတိုင်းသာ ဆက်သွားမည်ဆိုပါက သန်းနှင့်ချီသော အာဖဂန်ပြည်သူတို့သည် ကျန်းမာရေးဝန်ဆောင်မှု အထောက်အပံ့များ မရဘဲ နေကြရမည်ဖြစ်သလို နောက်ထပ်လူပေါင်းသန်းချီ အသက်ဆုံးရှုံးရနိုင်သည်ဟု IRC အစီရင်ခံစာတွင် ပြောထားကြောင်း Khaama Press က ကိုးကားဖော်ပြသည်။

အစီရင်ခံစာထဲတွင် အာဖဂန်ပြည်သူတို့အတွက် စိတ်ဓာတ်ကျစရာ အနာဂတ်အပေါ် သတိပေးထားရင်း ၂၀၂၂ နှစ်ကုန်ပိုင်းတွင် နိုင်ငံလူဦးရေ၏ ၉၇ ရာခိုင်နှုန်းခန့်သည် အစာရေစာ ငတ်မွတ်မှုကို ရင်ဆိုင်ရနိုင်သည်ဟု မှန်းဆထားသည်။

နိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေကြောင့် ကျန်းမာရေးစင်တာ ၉၀ ရာခိုင်နှုန်းနီးပါး ပိတ်သိမ်းရသည့် အဖြစ်သို့ ဦးတည်သွားစေနိုင်သည်ဟု IRC အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယိုယွင်းဆိုးရွားလာနေသည့် အခြေအနေနှင့် စပ်လျဉ်းပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အာဖဂန်နစ္စတန်၏ ကျန်းမာရေးကဏ္ဍကို အကူအညီများပေးပြီး ထောက်ကူပံ့ပိုးရေးအတွက် IRC က တောင်းဆိုခဲ့သည်။

ခက်ခဲသော စီးပွားရေးအခြေအနေများနှင့် ရင်ဆိုင်နေရမှုနှင့် အလုပ်သမားများ အလုပ်ပြုတ်သည့် အခြေအနေများ ရှိနေခြင်းကြောင့် အာဖဂန်နစ္စတန်သည် ကြီးလေးသည့် ဆင်းရဲမွဲတေမှုကို တွေ့ကြုံနေရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မကြာမီက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အစာရေစာ ငတ်မွတ်မှုနှင့် ကြုံရတော့မည့် ဆဲဆဲ ဖြစ်နေသည့် အာဖဂန်ပြည်သူ ၂၃ သန်းခန့်ကို ကျွေးမွေးထောက်ပံ့ရန် WFP က ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ လိုအပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly