ပါကစ္စတန် မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးဝါးနေခြင်းအပေါ် ဒေသခံများ ဝေဖန်

By Zee5
27 January 2022
ပါကစ္စတန် မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးဝါးနေခြင်းအပေါ် ဒေသခံများ ဝေဖန်

ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလမ်မာဘတ်တွင် စနစ်ကျသည့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု မရှိခြင်းကြောင့် လမ်းများပေါ်တွင် ယာဉ်အသွားအလာ များကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး ယင်းသည် မြို့နေပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတစ်ခု ဖြစ်လာနေသည်။ ပြည်သူများသည် ယခုအခါ ယာဉ်အသွားအလာအများဆုံးအချိန်များအတွင်း နာရီများစွာနှင့်ကြာ လမ်းများပေါ်တွင် ပိတ်မိရင်း အချိန်ကုန်နေကြရသည်။

"ယာဉ်ကြောပိတ်ဆို့မှုတွေက နေ့စဉ်ကြုံရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတစ်ခု ဖြစ်လာနေတယ်။ အစ္စလမ်မာဘတ်ရဲ့ အလှတရားဟာ ဒီယာဉ်ကြောပိတ်ဆို့မှုအောက်မှာ ပျောက်ကွယ်နေတာကို ဘယ်သူကမှ မြင်ချင်မှာ မဟုတ်ပါဘူး။ ကြည့်ရတာ မြို့ရဲ့ ရုံးတက်ရုံးဆင်းချိန်တွေ အချိန်တွေ ထပ်တိုးထားသလိုမျိုး ဖြစ်နေပါတယ်" ဟု မြို့ခံတစ်ဦးဖြစ်သည့် အက်ခရမ် ရှားက ပြောကြောင်း the Express Tribune က ဖော်ပြသည်။

ထို့ပြင် မြို့တွင်း သယ်ယူပို့ဆောင်ရေး လက်မှတ်ရောင်းဝန်ထမ်းများ၏ ပြုမူလုပ်ကိုင်ပုံများသည် ရိုင်းစိုင်းကြောင်း ရှားက ပြောခဲ့သည်။

"တခါတုန်းကဆိုရင် ကျွန်တော် အက်ပ်ဘာရာ ဈေးကနေ ဖိုင်ဇာဘတ်ကို သွားခဲ့ပါတယ်။ အဲဒီမှာ ဗင်ကား လက်မှတ်ရောင်းသူက ကျွန်တော့်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့သလို လူပြည့်ကျပ်နေတဲ့ ကားထဲ အတင်းဝင်ထိုင်ခိုင်းခဲ့တယ်" ဟု ၎င်းက ပြောခဲ့သည်။

အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသည် မြို့တော်၌ ဝန်ဆောင်မှု မကောင်းသည့် မြို့တွင်းသယ်ယူပို့ဆောင်ရေးပိုင်းမှ တာဝန်ရှိသူများ ပြုသမျှ နုရမည့် အခြေအနေတွင် ရှိနေသည်။

"အမျိုးသမီးတွေကိုတော့ ယာဉ်မောင်းရဲ့အနား ရှေ့ဘက်ခုံမှာ ထိုင်ခိုင်းတာ များပါတယ်။ ကျန်တဲ့လူတွေကိုတော့ ကားထဲမှာ ကြက်တွေငှက်တွေလို ထိုးသိပ်တင်တော့တာပါပဲ၊ ဒါက ကျင့်ဝတ်မဲ့သလို မနှစ်မြို့ဖွယ်ရာပါပဲ" ဟု မြို့တွင်းခရီးသွားလာသူတစ်ဦးက ငြီးတွားပြောဆိုခဲ့သည်။

ထို့ပြင် လိင်ပြောင်းလဲထားသူအချို့အနေဖြင့်လည်း မြို့တွင်း သယ်ယူပို့ဆောင်ရေးဝန်ထမ်းများ၏ လက်ထဲတွင် အရှက်တကွဲဖြစ်ရခြင်း၊ လျစ်လျူရှုခံရခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း the Express Tribune သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly